ဖားကန့်မှာ အရပ်သားကိုးဦး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆုတောင်းပွဲလုပ်

RFA Burmese
2023.09.25
ဖားကန့်မှာ အရပ်သားကိုးဦး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆုတောင်းပွဲလုပ် မဂေါင်းတောင်ရွာမှာ သတ်ဖြတ်ခံရလိုက်ရသည့် အရပ်သား ကိုးဦးအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွရွာရှိ မိသားစုဝင်များနှင့် ဒေသခံများက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ဆုတောင်းပွဲလုပ်ခဲ့စဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဂေါင်းတောင်ရွာမှာ သတ်ဖြတ်ခံရလိုက်ရတဲ့ အရပ်သား ကိုးဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်တွေနဲ့ ဒေသခံတွေက စက်တင်ဘာလ ၂၅ ရက် ဒီကနေ့ မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွရွာမှာ ဆုတောင်းပွဲလုပ်ခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၂၀) တပ်ဖွဲ့ဝင်တွေနဲ့ မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ UG Black K (PDF) အဖွဲ့က အရပ်သားကိုးဦးကို လဝါးရွာ ခြံတစ်ခြံကနေ ဇန်နဝါရီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် မဂေါင်းတောင်ရွာမှာ သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ဆိုရင် အရပ်သားတွေ သတ်ဖြတ်ခံရတာ ရှစ်လပြည့်ပြီဖြစ်ပြီး ဒီဖြစ်စဉ်ကို KIO ဗဟိုတရားရုံးက စစ်ဆေးနေတယ်လို့ အရပ်ဘက်အမှုမှန် စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ဒီဖြစ်စဉ်ကတော့ KIO ဗဟို တရားရေးက စစ်ဆေးနေတုန်းပေါ့။ အဲလို စစ်ဆေး နေချိန်မြစ်ကြီးနား ဗန်းမော်လမ်းပိတ်လိုက်တော့ ရပ်ထားလိုက်တယ်။ ဒီနေ့ ဆုတောင်းပွဲလုပ်တာက ကျွန်တော်တို့ မိသားစုတွေကို အားပေးတာ။ ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီး သွေးမအေးသွားဖို့နဲ့ အမှုမှန် အမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် တောင်းဆိုကြတာပေါ့”

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အခုမှုကို ရှေ့နေတွေနဲ့ KIO ဗဟိုက စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မိုးညှင်းမြို့နယ်၊ ဆားမှော်ကျေးရွာက အသက် ၂၇ နှစ်အရွယ် မအင်ဒေါင်နန်လွမ်၊ အသက် ၂၈ နှစ်အရွယ် မဖောင်မားခေါန်ဘူ၊ ဗန်းမော်မြို့က အသက် ၂၇ နှစ်အရွယ်တွေဖြစ်တဲ့ ကိုထွန်းယုံ၊ ကိုဖိုးလေ၊အသက် ၃၅ နှစ်အရွယ် ဦးလဇွမ်ထွယ်ရှောင်၊ အသက် ၅၀ အရွယ် ဦးမြင့်ထွေး၊ ဦးကျော်စိုး၊ အသက် ၅၅ နှစ်အရွယ် ဦးလဇွမ်တူးလွမ့် နဲ့ မိုးကောင်းမြို့နယ်နမ္မတီးမြို့ လမ်းခွရွာက အသက် ၄၉ နှစ်အရွယ် ဦးလော်ဒေယောဟန်တို့ ဖြစ်ပါတယ်။

ဒီပြည်သူတွေဟာ စစ်ကောင်စီနဲ့ လက်တွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာ ဖြစ်ပေမယ့် ဒေသခံတွေကတော့ ဒီစွပ်စွဲချက်က မှားယွင်းတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။