ဖားကန့်မှာ စစ်ကောင်စီ စရဖရုံးနဲ့ ရဲစခန်း တိုက်ခိုက်ခံရ

RFA Burmese
2023.09.25
ဖားကန့်မှာ စစ်ကောင်စီ စရဖရုံးနဲ့ ရဲစခန်း တိုက်ခိုက်ခံရ ကချင်ပြည်နယ် ဖားကန့်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနဲ့ ရဲစခန်းကို စက်တင်ဘာလ ၂၅ ရက် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စရဖရုံးနဲ့ ရဲစခန်းကို KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်က တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတချို့နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ PDF နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရဲစခန်းနဲ့ စရဖရုံးကို PDF နဲ့ KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်တာ ဟုတ်ပါတယ်။ တချို့လည်း စရဖရုံးက အရှင်ဖမ်းမိတဲ့ အရာရှိတယ်လို့တော့ သိရတယ်။ မိသားစုဝင်တွေလည်း ဖမ်းမိတယ်။ အသေးစိတ်တော့ သေချာ မသိရသေးဘူးဗျ”

တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာ ၂၀ ရက်ကလည်း ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲကင်းစခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။