ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နန့်စေမြဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီရွာမှာရှိတဲ့ ဒေသခံခုနစ်ရာခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့တွေက အဲဒီရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နန့်စေမြဲဆိုတာ ရှမ်းရွာကြီးဗျ။ အိမ်ခြေနှစ်ရာလောက်ရှိတယ်။ အဲဒီဘက်နားဖြစ်တော့ အကုန်ရှောင်နေရတယ်”
လက်ရှိမှာလည်း ဆီဆိုင်မြို့ အနောက်ဘက် ပန်ကမ်း၊ နောင်သိမ်နဲ့ လွယ်စဲရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံ နောက်တစ်ဦးက ပြောပါတယ်။
“အခု ဆီဆိုင်မြို့ အနောက်ဘက်က ရွာတွေမှာ နေ့တိုင်းလိုပဲ ဖြစ်နေတယ်။ မဖြစ်တဲ့နေ့ကို မရှိဘူး။ ရွာတွေက ဆက်နေတော့ တစ်ရွာရှောင်လိုက်၊ တိုက်ပွဲငြိမ်ရင် ပြန်လိုက်၊ အဲလိုဖြစ်နေတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲလေးလကျော်အတွင်း အရပ်သား ၇၇ ဦး သေဆုံးခဲ့ပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်း အရုံးရဲ့ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။