တောထဲထွက်ပြေးနေရတဲ့ သီပေါဒေသခံငါးရာကျော် အရေးပေါ်အကူအညီ လိုအပ်နေ

RFA Burmese
2023.11.27
တောထဲထွက်ပြေးနေရတဲ့ သီပေါဒေသခံငါးရာကျော် အရေးပေါ်အကူအညီ လိုအပ်နေ သီပေါမြို့ပေါ်သို့ ထွက်ပြေးနေရသည့် ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီတံတားအနီး နိုဝင်ဘာ ၁၂ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် အဲဒီနေ့ကတည်းက တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ကျင်သီ၊ စွန်အွိုက်နဲ့ ပုံဖမ်းရွာသုံးရွာက ဒေသခံငါးရာကျော် အကူအညီလိုအပ်နေပြီလို့ သီပေါဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသခံငါးရာကျော်ဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေနေကြရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သီပေါမြို့ကိုရောက်လာတဲ့ ဒုက္ခသည်တွေကိုကူညီပေးနေသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ကျင်သီတံတားနား တိုက်ပွဲဖြစ်ပြီးကတည်းက သူတို့တွေက သီပေါမြို့ဘက်ကို လာလို့မရတော့ တောတောင် တွေထဲကို ပြေးနေကြတာ။ တချို့က နမ့်အွမ်အုပ်စု၊ ကုန်းညုရွာဘက်ကို ပြေးကြတာရှိတယ်။ အဲဘက်က ဖုန်းလိုင်းလည်းမမိ လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ ဘယ်လိုမှကူညီလို့မရဘူး။ အခုက တိုက်ပွဲက ဆက်ဖြစ်နေတော့ ဒီဘက်ကိုလည်း ခေါ်ထုတ်လို့မရဘူး ဖြစ်နေတာ”

နိုဝင်လာလ ၁၂ ရက်နေ့က သီပေါနဲ့ ကျောက်မဲမြို့ အကြားမှာရှိတဲ့ ကျင်သီတံတား ရဲကင်းစခန်းကို TNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကျင်သီတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တိုက်ပွဲအနည်းငယ်ငြိမ်သက်ခဲ့သလို ကျင်သီတံတားအနီးတစ်ဝိုက် စစ်ကောင်စီတပ်က ပြန်လည် နေရာယူခဲ့ပြီး အခုရက်ပိုင်းမှာတော့ ကျင်သီတံတားအနီး တစ်ဝိုက် တိုက်ပွဲပြန်ပြင်းထန်လာတာလို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက ၂၅ ရက်နေ့မနက်မှာ ပြန်ဖြစ်တယ်ခင်ဗျ။ ဒီနေ့လည်း ပစ်နေခတ်နေသံကို ကြားရတုန်းပဲ။ တိုက်ပွဲနဲ့ နီးစပ်တဲ့ ရွာတွေကတော့ မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ ရော နီးစပ်တဲ့နေရာတွေမှာလာပြီး နေနေကြတာ ရှိတယ်။ တချို့ အသံငြိမ်တဲ့နေရာ တွေကတော့ ပြန်ကြတယ်။ သွားလိုက်လာလိုက်ပဲ လူတွေက”

တိုက်ပွဲတွေကြောင့် သီပေါမြို့မှာရှိတဲ့ ဘုန်တော်ကြီးကျောင်း (၁၄) ခုမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည် သုံးထောင်ဝန်းကျင် ရှိနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ထွက်ပြေးလာသူတွေရဲ့ စားသောက်ရေးနဲ့ နေထိုင်ရေးအတွက် စေတနာရှင်တွေ၊ မြို့ခံတွေနဲ့ ဆရာတော်တွေကပဲ ကူညီပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအရေအတွက်ဟာ လက်ရှိကောက်ယူထားနိုင်တဲ့ စာရင်းသာဖြစ်ပြီး တောတောင်တွေထဲ ထွက်ပြေးနေရသူ တွေပါ ဆိုရင် ဒီထက်ပိုများနိုင်တယ်လို့ ဒုက္ခသည်အရေးကူညီပေး နေသူတွေက ပြောပါတယ်။

သီပေါမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြန်ကြားရေးဘက်ကတော့ နိုဝင်ဘာလ ၂၄ ရက်ကစပြီး ကျင်သီတံတားအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပြန်လည်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက်မှာတော့ ကျင်သီ တံတားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။