ကန်ကြီးထောင့် အထည်ချုပ်စက်ရုံရှေ့ ဆန္ဒပြသူတွေ အလုပ်ပြန်ဆင်း

ကျော်လွင်ဦး
2020-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကန်ကြီးထောင့်မြို့နယ် ဟွာမုံအထည်ချုပ်စက်ရုံရှေ့မှာ ၂ဝ၂ဝ၊ ဇန်နဝါရီလ ၉ ရက်နေ့က ဆန္ဒပြ အလုပ်သမားတွေကို တွေ့ရစဉ်
ကန်ကြီးထောင့်မြို့နယ် ဟွာမုံအထည်ချုပ်စက်ရုံရှေ့မှာ ၂ဝ၂ဝ၊ ဇန်နဝါရီလ ၉ ရက်နေ့က ဆန္ဒပြ အလုပ်သမားတွေကို တွေ့ရစဉ်
Photo: LH EO

ကန်ကြီးထောင်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုံအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့ မနေ့က ၃၆ ရက်မြောက်နေ့ညမှာ တိုင်းအစိုးရအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုနဲ့ စက်ရုံ တာဝန်ရှိသူတွေနဲ့ နှစ်ဘက်ညှိနှိုင်းသဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီလိုသဘောတူညီမှု ရတာကြောင့် မနေ့ညကတည်းက အလုပ်သမားတွေဟာ သပိတ်စခန်းကို ပိတ်သိမ်းခဲ့ပြီး ဒီနေ့မနက်မှာ အလုပ်စဆင်းနေပြီ ဖြစ်ပါတယ်။

အလုပ်သမားတွေ အလုပ်ပြန်ဆင်းနိုင်အောင် အစိုးရအဖွဲ့က ကြီးကြပ် ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း ကန်ကြီးထော့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မန်းရွှေလှကြိုင်က RFA ကိုပြောပါတယ်။

“အားလုံးအလုပ်သမားတွေ အလုပ်ပြန်ဝင်ပါပြီ၊ အားလုံး ၃၃၆ ယောက် အလုပ်ပြန်ဝင်ပါပြီ၊ အားလုံး အဆင်ပြေပါတယ်၊ ကျနော်တို့လည်း အနီးကပ် ကြီးကြပ်ပေးနေပါတယ်၊ ကျနော်တို့က အားလုံးပြေလည်ဖို့ အတိုင်းအတာအတွက်ကို အစိုးရရဲ့ စီမံခန့်ခွဲနိုင်ဖို့ အတိုင်းအတာကို ကျနော်တို့က ပြောရမယ်ဆိုရင် နှစ်ဦးနှစ်ဘက် လိုက်နာနိုင်မယ့် အတိုင်းအတာကို မနေ့တုန်းက သဘောထားပေးခဲ့တယ် အားလုံးကလည်း သဘောတူတယ်”

ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ကြား ပြေလည်မှုရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဝင်ညှိနှိုင်း ဖျန်ဖြေမှုတွေကို သုံးရက်နီးပါး ပြုလုပ်ခဲ့ရတာပါ။

မနေ့ကညနေမှာတော့ တိုင်းအစိုးရအဖွဲ့ရဲ့ ခုံသမာဓိအဖွဲ့ ဆုံးဖြတ်ချက်တွေကို အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေဘက်က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို မူလရာထူးလစာအတိုင်း အလုပ် ပြန်ခန့်ပေးလိုက်တာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောပါတယ်။

“ပြီးသွားပြီလေ သပိတ်ကလည်း လှန်လိုက်ပြီလေ၊ နဂိုရာထူးအတိုင်း နဂိုလစာအတိုင်း အလုပ်ပြန်ဝင်ကုန်ပြီ ဘာမှ အရေးယူတာမရှိဘူး၊ မနက်က သူတို့အလုပ်ဆင်းတဲ့အချိန် ဆရာတို့သွားတယ်၊ ဟောပြောပွဲလည်း လုပ်ခဲ့တယ်၊ စူပါဗိုက်ဆာနဲ့ လီဒါတွေနဲ့ အားလုံးခေါ်ပြီး ခန်းမထဲမှာ ဟောပြောပွဲလုပ်ပြီး လိုအပ်တာလေးတွေ ဆုံးမစရာရှိတာတွေ၊ မှာကြားစရာရှိတာတွေ ပြောတယ်လေ”

အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုတဲ့အချက် ၈ ချက်ထဲက အလုပ်သမားတွေ သဘောမတူဘဲ ဌာနမပြောင်းရွေ့ဖို့၊ ရက်မှန်ကြေးအပြည့်ပေးဖို့၊ သင်္ကြန်အပိုဆုကြေးပေးဖို့၊ စက်ရုံရှိ အဝေးသင်တက်ရောက်တဲ့ ကျောင်းသားတွေကို လစာမဲ့ခွင့်အပါအဝင် စာမေးပွဲဖြေဆိုခွင့်ပေးဖို့ စတဲ့ အချက် ၇ ချက်ကို သဘောတူညီခဲ့ကြသလို့ အလုပ်ရှင်ဘက်က တောင်းဆိုချက်တွေကိုလည်း အလုပ်သမားတွေဘက်က သဘောတူခဲ့ရတာတွေ ရှိတယ်လို့သိရပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့အချက် အားလုံးနီးပါး ရတာကြောင့် အလုပ်သမားသပိတ် အောင်မြင်တယ်လို့ ဟွာမှုံအလုပ်သမား သပိတ်အလုပ်သမားခေါင်းဆောင် မခိုင်နွေဦးမွန်က ပြောပါတယ်။

“တောင်းဆိုတဲ့ အချက်အားလုံး ရတယ်ပေါ့နော်၊ ၈ချက်စလုံးကို ပြောရမယ်ဆိုရင် အစိုးရက ဘက်မလိုက်ဘဲ ဥပဒေပါ စည်းမျဉ်းစည်းကမ်းအတိုင်း နှစ်ဘက်စလုံး ဘက်မလိုက်ဘဲ၊ တန်းတန်းမတ်မတ်လေး လျှောက်ပေးတယ်ပေါ့နော်၊ အဲအထဲမှာ တဖက်ဖက်ရဲ့ ခွင့်ပြုချက်ကိုမယူဘဲနဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တယ်ပေါ့နော်


ဟွာမှုံစက်ရုံ တာဝန်ရှိသူတွေကို RFA က မနေ့ကနဲ့ ဒီနေ့မှာ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဟွာမုံအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး မနေ့ကညအထိ အလုပ်သမား အခွင့်အရေးတွေရရှိဖို့ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သပိတ်မှောက်ခဲ့တဲ့ ၃၆ ရက်စာကိုတော့ လုပ်ခလစာမရဘူးလို့ သိရပါတယ်။

ဟွာမှုံ အထည်ချုပ်စက်ရုံကို ကန်ကြီးထောင့်မြို့နယ်မှာ ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမားစုစုပေါင်း တစ်ထောင်ကျော်ရှိပြီး ဘောင်းဘီ၊ အင်္ကျီစတဲ့ အဝတ်အထည်တွေ ထုတ်လုပ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ၂၀၁၈ ဇွန်လ ၁၃ ရက်နေ့ အစည်းအဝေးမှာ ဒီကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီလုပ်ငန်းဟာ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေပမာဏက အမေရိကန်ဒေါ်လာ ၁.၈၁၁၄ သန်း ရှိတယ်လို့ သိရပါတယ်။

တိုင်းအစိုးရရုံးမှာ သဘောတူထားတဲ့ အချက်တွေကို အလုပ်ရှင်နဲ့ အလုပ်သမားတွေက လိုက်နာဖို့လိုအပ်ပြီး ချိုးဖောက်တာတွေ ရှိမယ်ဆိုရှင် တရားစွဲဆိုသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထွေအုပ် တာဝန်ရှိသူတွေက သက်သေအဖြစ် လက်မှတ်ထိုးတာတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့