ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေ မှီခိုနေတဲ့ တိမ်ညို၊ ပီပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေ စတဲ့ စခန်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က အခုလအတွက် ဆန်ရိက္ခာတွေ ထောက်ပံ့တာကို ရပ်ဆိုင်းလိုက်တယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။
တိမ်ညို၊ ပီပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေ စတဲ့ စစ်ဘေးဒုက္ခသည်စခန်း လေးခုအတွက် (ICRC)က အခုလ အတွက် ဆန်ရိက္ခာတွေ ကူညီထောက်ပံ့တာကို ရပ်ဆိုင်းမယ့်အကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆို လာခဲ့တာ ဖြစ်တယ်လို့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီစခန်းတွေမှာ ဆန်တွေအလုံအလောက်ရှိနေတယ်လို့ ပြောဆိုတဲ့အတွက် အခုလအတွက် ရပ်ဆိုင်းလိုက်တာလို့ ICRC အဖွဲ့ကပြောဆိုကြောင်း တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။
"သြဂုတ် ၁၈ ရက်နေ့ကပေါ့ဗျာ၊ မြောက်ဦး ICRC က ကျွန်တော်တို့ကို အကြောင်းကြားလာတယ်။ ဒီတစ်ခေါက် ထောက်ပံ့မယ့်အစီအစဉ်ထဲမှာ တိမ်ညို စစ်ဘေးရှောင်စခန်းရယ်၊ ပြီးတော့ တင်းထိန်ကန်၊ ရွာသစ်ကေ၊ ပီပင်ရင်း ဒီစစ်ဘေးရှောင်စခန်း လေးခု ပါမလာဘူးဆိုပြီးပြောတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ တိမ်ညို စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ အလုံအလောက်ရှိတယ်။ ဆန်ရိက္ခာတွေဆိုပြီးတော့ ဒါကြောင့် ဒီစခန်းတွေကို ပေးဖို့မလိုဘူး၊ ဒီစခန်းတွေအတွက် ခွင့်ပြုချက် မရဘူးဆိုပြီးတော့ ပြောတယ်"
(ICRC)အဖွဲ့က မနေ့က ပီပင်ရင်း ကျေးရွာစစ်ဘေးဒုက္ခသည် စခန်းကို လာရောက်ပြီး ဆီ၊ ပဲ စတာတွေကို လှူဒါန်းခဲ့ပါတယ်။
ဒီနေ့မနက်က တင်းထိန်ကျေးရွာ ဒုက္ခသည်စခန်းမှာလည်း အလားတူ လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ စခန်း နှစ်ခုလုံးမှာ ဆန်တွေလှူဒါန်းတာမရှိဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဆန်ရိက္ခာတွေလှူဒါန်းတာကို ယာယီရပ်ဆိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ (ICRC)အဖွဲ့ကို RFA က မနေ့က ဆက်သွယ်မေးမြန်းထားပြီး ဒီနေ့ညနေအထိ တစ်စုံတရာအကြောင်းပြန်တာ မရှိသေးပါဘူး။
ဒီဒုက္ခသည်စခန်းတွေမှာ ဆန်တွေအလုံအလောက်ရှိနေလို့ အစိုးရက ခွင့်မပြုဘူးဆိုတဲ့ စခန်းတာဝန်ခံတချို့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို ဘာမှမသိဘူးလို့ တုံ့ပြန်ပါတယ်။
"အဲဒါတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်က အခု စစ်တွေမှာလည်း မရှိဘူးဗျ"
ICRC အဖွဲ့က ဆန်ရိက္ခာတွေ ယာယီရပ်ဆိုင်းလိုက်တဲ့ တိမ်ညို၊ ပီပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေ စတဲ့စခန်း လေးခုမှာ လူဦးရေ ၄၀၀၀ နီးပါးရှိပါတယ်။
အစိုးရက လူတစ်ဦးကို ထမင်းတစ်နပ် ၁၅၀ ကျပ်နှုန်းနဲ့ ဆန်တွေထောက်ပံ့ပြီး ဒုက္ခသည်တွေ အတွက်ကတော့ ဒီအထောက်အပံ့နဲ့ရပ်တည်ဖို့ခက်ခဲတာကြောင့် ICRC အပါအဝင် အခြားအလှူရှင်တွေရဲ့အကူအညီကို အားကိုးနေကြရတာဖြစ်ပါတယ်။
တင်းထိန်ကန် စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးမောင်ယေ က ဆန်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းခံရတာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
"အဲဒါကတော့ ကျွန်တော့အနေနဲ့ မဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့ မဖြစ်သင့်ဘူးလဲ ဆိုလို့ရှိရင် ကျွန်တော်တို့က ဒုက္ခသည်တွေကို အကန့်အသတ်မရှိ စောင့်ရှောက်ပေးနေကြတာလေ။ ဒုက္ခသည်တွေ အများရောက်လာလို့ရှိရင် ကျွန်တော်တို့မှာ ဆန်ရိက္ခာတွေ မရှိဘူးဆိုလို့ရှိရင် ဒုက္ခသည်တွေအတွက် ကူညီဖို့ ကျွန်တော်တို့မှာ အခွင့်အရေး မရတော့ဘူးလေ။ ဒီလိုအထောက်အပံ့တွေ မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အဲဒီဒုက္ခသည်တွေရောက်နေတာကို လက်ခံလို့လည်း ရနိုင်မှာမဟုတ်ဘူးလေ"
လူဦးရေ ၃၀၀၀ နီးပါးရှိတဲ့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာ တစ်လအတွက် ဆန်အိတ် ၁၁၀၀ ခန့်လိုအပ်ပြီး အခုလက်ရှိမှာ တစ်လစာအတွက် ဆန်အိတ် ၁၅၀ ခန့်သာရှိနေသလို (ICRC)ကလည်း ဆန်ထောက်ပံ့မှုရပ်ဆိုင်းလိုက်တာကြောင့် အခက်အခဲတွေ ပိုမိုကြုံတွေ့လာရမှာကို ဒုက္ခသည်တွေအကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ဒါကြောင့် ဆန်အထောက်အပံ့ရရှိရေး ဆောင်ရွက်ပေးဖို့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဝေလှအောင်က မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ဒီနေ့စာရေးသားတင်ပြလိုက်တယ်လို့ သိရပါတယ်။
မြောက်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ် ကတော့ အစိုးရက ကူညီထောက်ပံ့နေတာနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
"ကျွန်မတို့ဌာနကတော့ ဒီမြောက်ဦးခရိုင်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းအကုန်လုံးကို ဆန်ရိက္ခာ တစ်လစာ၊ တစ်လစာစီ ထောက်ပံ့နေပါတယ်။ တစ်လစာပြည့်သွားပြီဆိုလို့ရှိရင် နောက်ထပ်တစ်လစာ အဲလို ထောက်ပံ့နေပါတယ်။ စခန်းတာဝန်ခံတွေဆီကတော့ ထပ်တိုးလာတဲ့စာရင်းတွေကိုတော့ အမြဲတမ်းတင်ပြပေးဖို့တော့ လိုတာပေါ့နော်။ အဲဒီစာရင်းတွေရလို့ရှိရင် ကျွန်မတို့က ချက်ချင်းပဲ ထောက်ပံ့မှုလုပ်နေပါတယ်"
တစ်ဘက်မှာလည်း စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေပေးဖို့ အလှူငွေကောက်ခံတဲ့သူတွေကို အစိုးရအာဏာပိုင်တွေက တားမြစ်တာတွေ ရှိနေပါတယ်။
အစိုးရက ပရဟိတအဖွဲ့တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံမယ်ဆိုရင် ခွင့်ပြုချက် တင်ဖို့ ညွှန်ကြားထားပေမယ့် အမှန်တကယ် လက်တွေ့မှာတော့ အဲသည်လိုခွင့်ပြုချက်တင်တဲ့ သူတွေကိုလည်း ခွင့်ပြု၊ မပြုဆိုတာ တစ်စုံတရာ အကြောင်းပြန်တာမရှိဘူးလို့ စစ်တွေမြို့အခြေစိုက် ရက္ခိုင့်အလင်းတံခါးအဖွဲ့က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ခွင့်ပြုချက်မရှိဘဲ အလှူခံမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီနေ့အထိ စစ်တွေမြို့က ရက္ခိုင့်အလင်းတံခါး၊ ရက္ခတော်ဝင် အပါအဝင် ပရဟိတအဖွဲ့ သုံးခုက လူပေါင်း ၃၈ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး တရားရုံးက ဒဏ်ငွေဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၂၈၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၁၀ ကျော်မှာ အခက်အခဲတွေနဲ့ မှီခိုနေကြရပါတယ်ခင်ဗျာ။