ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ လိုအပ်နေတဲ့စားနပ်ရိက္ခာတွေကို ဒီနေ့ဖြန့်ဝေပေးသွားမှာဖြစ်သလို နောက်ထပ်လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ သက်ဆိုင်ရာအစိုးရ အဖွဲ့နဲ့ဆွေးနွေးသွားမယ်လို့ အပြည်ပြည်နယ်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က RFA ကို ဒီနေ့ပြောလိုက် ပါတယ်။
မြောက်ဦးမြို့နယ်က တိမ်ညိုအပါအဝင် စစ်ဘေးဒုက္ခသည်စခန်း ၄ ခုကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က အခုလအတွက် ဆန်အကူအညီတွေ ယာယီရပ်ဆိုင်းခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ RFA က မနေ့က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် ICRC အဖွဲ့က အီးမေးလ်ကနေတဆင့် RFA ကို ဒီနေ့ အကြောင်းပြန်ခဲ့တာလည်းဖြစ်ပါတယ်။
လူဦးရေ ၃၀၀၀ နီးပါးရှိတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ICRC အဖွဲ့က ပြီးခဲ့တဲ့ မေလကတည်းက လိုအပ်တဲ့ အထောက်အပံ့တွေပေးခဲ့တာပါ။ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းအပြင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ် ၈ ခုမှာ စားနပ် ရိက္ခာအပြင် အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ သောက်သုံးရေ၊ အိမ်သာနဲ့ ယာယီတဲအိမ်တွေကိုလည်း အကူ အညီတွေပေးနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီစခန်းမှာ ဆန်ရိက္ခာအလုံအလောက်ရှိတယ်လို့ ပြောဆိုတဲ့အတွက် အခုလအတွက် ဆန်ထောက်ပံ့မှုရပ်ဆိုင်းခဲ့တာလို့ ICRC အဖွဲ့က မကြာသေးခင်က ပြောဆိုခဲ့တာဖြစ်ကြောင်း စခန်းတာဝန်ရှိသူ တွေကပြောပါတယ်။
လက်တွေ့မှာတော့ တစ်လစာ စားသောက်ဖို့ ဆန်အလုံအလောက်မရှိဘူးလို့လည်း စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။
ICRC က RFA ကို ပေးပို့တဲ့စာထဲမှာ ယာယီစခန်းမှာ လာရောက်ခိုလှုံနေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုသိရှိအောင်လေ့လာဆန်းစစ်နေပြီး တွေ့ရှိချက်တွေအပေါ် ထိထိရောက်ရောက် ဆက်လက်အကူအညီပေးနိုင်ဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာအစိုးရရုံးတွေနဲ့ ဆွေးနွေးတင်ပြသွားမှာဖြစ် တယ်လို့ ရေးသားထားပါတယ်။