ဆင်းရဲသားပပျောက်ရေးအသင်း အမည်ခံ ပရဟိတအဖွဲ့ကို လုပ်ငန်းရပ်ဆိုင်းခိုင်း
2017.10.05
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့ ပရဟိတအသင်းဟာ တရားမဝင် ငွေကြေးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် လက်ရှိလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး တရားဝင်မှတ်ပုံတင်ဖို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အခုလဆန်းပိုင်းက သတိပေး လိုက်ပါတယ်။
ပရဟိတအသင်းအနေနဲ့ ငွေစုငွေချေးလုပ်ငန်းပုံစံ လုပ်လို့မရတာကြောင့် တရားဝင်မှတ်ပုံတင်ပြီး ဆောင်ရွက်ဖို့ ပြောတာဖြစ်တယ်လို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။
"သူက ငွေစုငွေချေး မှတ်ပုံတင်ခွင့်ပြုချက်ရမှလုပ်လို့ရမယ်။ သူကအလွတ်သဘောမျိုး ခွင့်မပြုတာမဟုတ်ဘူး တရားဝင်ခွင့်ပြုချက်ရအောင်လုပ်ဖို့ ပြောတာပါ။ အသင်းအဖွဲ့နဲ့လုပ်လို့မရဘူး ပရဟိတအသင်းက ဒီလို ငွေစုငွေချေးလုပ်လို့မရဘူး။ သူလုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ အဲဒီတိုင်းသူတို့လျှောက်ဖို့ပဲ ခွင့်ပြုချက်ရရင်လုပ်ပေါ့ မရရင်မလုပ်နဲ့ပေါ့"
တရားဝင်မှတ်ပုံတင်မရှိဘဲ ဆက်လုပ်နေရင် အရေးယူမယ်လို့လည်း အုပ်ချုပ်ရေးပိုင်းက အကြောင်းကြားထား ပါတယ်။
ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့အသင်းကို စတြာမင်းပါရမီရှင် ဦးသန့်ဆိုသူက ဦးဆောင်တာဖြစ်ပြီး အသင်းဝင်ကြေးကိုတစ်ဦး ကျပ်သုံးသောင်းခွဲကောက်ခံပြီး တစ်လကို ကျပ်တစ်သိန်းနှုန်း ပြန်လည်ထုတ်ပေးတယ်လို့ သိရပါတယ်။
တစ်လကိုတစ်သိန်းနှုန်းနဲ့ ၃ လအထိထုတ်ပေးထားပြီး ၃ သိန်းရရှိထားသူတွေရှိကြောင်းနဲ့ ဘယ်လိုပုံစံ ထုတ်ပေးတယ်ဆိုတာကိုတော့ မသိရဘူးလို့ မြင်းခြံမြို့နယ် အုပ်ချုပ်ရှေးမှူးက ပြောပါတယ်။
အဲဒီလိုအသင်းအဖွဲ့ဟာ နွားထိုးကြီးမြို့နယ်မှာလည်း အသင်းဝင်တွေ စုဆောင်းလုပ်ကိုင်ခဲ့တာရှိပြီး လက်ရှိ မြင်းခြံမြို့နယ်မှာ လုပ်ကိုင်နေတာကြောင့် အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူသတိပေးထားတာလို့ သိရပါတယ်။