တရားမဝင်လုပ်သားတွေကို ဇူလိုင်မှာ စတင်ဖမ်းဆီးအရေးယူမည်

ထိုင်းနိုင်ငံရောက်နေတဲ့ တရားမဝင်လုပ်သားတွေကို လာမယ့် ဇူလိုင်လကစပြီး ဖမ်းဆီးအရေးယူတော့မယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေကို ဖြေလျော့ပေးတဲ့ကာလဟာ ဒီလကုန်မှာ ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် လာမယ့် ဇူလိုင်လကစပြီး ထိုင်းနိုင်ငံက ဥပအဒေအတိုင်း အရေးယူတာတွေ စတင်တော့ မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

" ၃၀ ရက် ၆ လ ၂၀၁၈ အထိ သူက ဖြေလျော့ပေးထားတာ။ အဲကာလနောက်ပိုင်းဆို ရင်တော့ ဖြေလျော့ပေးတဲ့ကာလ ကုန်ဆုံးသွားပြီပေါ့။ အဲတော့ သူ့နိုင်ငံက ဥပဒေအတိုင်း သူက အသက်ဝင်ပြီးတော့ ဖြေလျော့ထားတယ်ဆိုတာက သူက ဥပဒေကို ခဏဆိုင်းထားတာပေါ့။ အခု က ပြန်အသက်ဝင်ပြီပေါ့လေ။ ဘယ်လိုတွေလုပ်ကြမှာလဲဆိုတော့ သူ့နိုင်ငံက ဥပဒေအတိုင်းပေါ့ ။ သူက အဲဒီမှာ နေထိုင်ခွင့်လုပ်တဲ့ သူ့နိုင်ငံ ဥပဒေအတိုင်း အလုပ်မှန်ရမယ်။ နေရာမှန်ရမယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ မိမိနဲ့ပတ်သက်တဲ့ နေထိုင်ခွင့်တွေ အကုန်လုံး အစစအရာရာ စုံလင်ရမယ်။ ဒါမျိုးတွေ လုပ်ထားဖို့လိုတာပေါ့နော်။"

ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို နိုင်ငံသားစိစစ်နိုင်ဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ တစ်ခါ၊ ၂၀၁၈ မတ်လ မှာ တစ်ခါ ဖမ်းဆီးအရေးယူတာတွေကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီး လာမယ့် ဇွန် ၃၀ မှာဆိုရင် သတ်မှတ်ကာလ ကုန်ဆုံးမှာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အထောက်ထားမရှိတဲ့သူတွေ၊ အထောက်ထားလုပ်နေပေမယ့် ဥပဒေအရ ရပ်တန့်နေရ သူတွေ၊ အထောက်ထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ပြန်နိုင်ကြောင်း၊ ထိုင်းနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့အတွက် MOU စနစ်အတိုင်း လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

သက်သေခံလက်မှတ် CI ထုတ်ယူဖို့အတွက် ရွေ့လျားစနစ်နဲ့ ဆောင်ရွက်ပေးနေပြီး၊ နီးစပ်ရာ Seven Eleven စတိုးဆိုင်တွေမှာလည်း နေ့ချင်းပြီး ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ခြင်း သက်သေခံလက်မှတ် ရရှိထားသူ စုစုပေါင်း ၁၁ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။