ကမ္ဘာမှာ ကလေးအလုပ်သမားဦးရေမြင့်တက်လာကြောင်း ILO သတိပေး

2022.05.17
ကမ္ဘာမှာ ကလေးအလုပ်သမားဦးရေမြင့်တက်လာကြောင်း ILO သတိပေး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ရန်ကုန်၊ ဒလဆိပ်ကမ်းတွင် လုပ်ငန်းခွင် ဝင်နေသော ကလေးအလုပ်သမားတစ်ဦးကို တွေ့ရစဉ်။
Photo: AFP

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကလေးအလုပ်သမား သန်း ၁၆ဝ ရှိပြီး၊ ဒါဟာ ကလေး ၁ဝ ယောက်မှာ ၁ ယောက်နှုန်း ဖြစ်တယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထား ပါတယ်။

ဒီအရေအတွက်ဟာ မြင့်တက်လာတာဖြစ်ပြီး၊ အထူးသဖြင့် အသက် ၅ နှစ်ကနေ ၁၁ နှစ် အရွယ်တွေကြားမှာ ဒီပြဿနာ ကြီးထွားလာနေတာကြောင့် အရင်နှစ်တွေက တိုးတက်ခဲ့ပြီးသား အခြေအနေဟာ ကိုဗစ်ကပ်ရောဂါကြီးနဲ့အတူ နောက်ပြန်လှည့်မယ့် အနေအထားကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။

ကလေးအလုပ်သမားပပျောက်ရေး ၅ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာညီလာခံကြီးကို ဒီသီတင်းပတ်ထဲမှာပဲ တောင်အာဖရိကမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်တော်များများလည်း တက်ရောက်ခဲ့ကြတာပါ။

ILO ညွှန်ကြားရေးမှူးချုပ် Guy Ryder က ကလေးအလုပ်သမားပပျောက်တဲ့အထိ မရပ်မနား လုပ်ဆောင်ကြရမယ်လို့ ဒီညီလာခံကြီးမှာ ပြောလိုက်ပါတယ်။

“ကလေးအလုပ်သမား ပြဿနာဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှုပါ။ ဘယ်နေရာမှာပဲရောက်ရောက်၊ ကလေးတိုင်းဟာ ကလေးအလုပ်သမားဘဝကနေ လွတ်မြောက်စေရမယ်ဆိုတာဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါတယ်။ ဒါကိုရောက်တဲ့အထိ မရပ်မနား ကျနော်တို့တွေ လျှောက်လှမ်းကြမယ်” - လို့လည်း ပြောဆိုခဲ့ပါတယ်။

ကလေးအလုပ်သမားပပျောက်ရေး တိုးတက်မှုတွေဟာ ၂ဝ၂ဝ ခုနှစ်မှာ ပထမဆုံးအကြိမ် ရပ်တန့်သွားခဲ့ပြီး၊ ကိုဗစ်ပြဿနာက သန်းနဲ့ချီတဲ့ ကလေးတော်တော်များများကို လုပ်ငန်းခွင်ထဲ တွန်းပို့ခဲ့တယ်လို့လည်း ILO က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအရွယ်ဟာ အသက် ၁၄ နှစ်အောက်လို့ သတ်မှတ်ထားပါတယ်။

၂ဝ၂ဝ ခုနှစ်မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ILO က ထုတ်ပြန်ထားတဲ့စာရင်းအရ - မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၉.၃ ရာခိုင်နှုန်းရှိပြီး၊ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြရတဲ့ ကလေးအလုပ်သမား ခြောက်သိန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။