ခင်ဦးမြို့နယ် အင်းပတ်ရွာ မီးရှို့ခံနေရ

2022.05.02
ခင်ဦးမြို့နယ် အင်းပတ်ရွာ မီးရှို့ခံနေရ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို တွေ့ရစဉ် (ယခင်ပုံဟောင်း)
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက မေလ ၂ ရက် ဒီနေ့ နေ့လယ်က ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ အင်းပတ်ရွာကို စစ်ကားကြီး သုံးစီးနဲ့ ရောက်ရှိလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ညနေတုန်းကတော့ ဒီကားသုံးစီးပဲ ဘောလုံးကွင်းနား ညအိပ်သွားသေးတယ်။ မနေ့က စာသင်ကျောင်းတွေ၊ ဆေးခန်းတွေထဲဝင်ပြီး ဖျက်ဆီးသွားသေးတယ်။ ပြန်သွားပြီးမှ အခု နေ့လယ် ထပ်လာရှို့တာ"

အင်းပတ်ရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိနေပြီး မနေ့ညနေကတည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားကြတာကြောင့် အခု မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

နေ့လယ်က စတင်အရှို့ခံရတဲ့ မီးဟာ ညနေ ၃ နာရီခွဲအချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး ဒေသခံတွေက သွားမငြှိမ်းရဲတာကြောင့် အဝေးကပဲ လှမ်းကြည့်နေကြရတယ်လို့ ပြောပါတယ်။ ဘာကြောင့် မီးရှို့တယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စွပ်စွဲမှုတွေရှိနေလို့ စစ်ကြောင်း တွေက ကျေးရွာတွေထဲ ဝင်ရောက်မှုကို ရှောင်ရှားလေ့ရှိပြီး သူတို့အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာမရှိကြောင်း၊ မီးရှို့မှုတွေကို PDF အဖွဲ့တွေကသာလုပ်လေ့ ရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ကလည်း ခင်ဦးမြို့နယ် သံဘိုရွာက အိမ် ၂၂၀ လုံး၊ ဧပြီ ၂၉ ရက် နေ့က တပင် ကောင်းရွာက အိမ် ၃၀ လုံး မီးရှို့ခံခဲ့ရတာကြောင့် အခု အင်းပတ်ရွာဟာ ခင်ဦးမြို့နယ်ထဲမှာ တစ်ပတ်အတွင်း မီးရှို့ခံရတဲ့ တတိယမြောက်ရွာဖြစ်တယ်လို့လည်း ပြောပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ခင်ဦးမြို့နယ်ဟာ ဧပြီလအတွင်း အိမ်အလုံးရေ ၅၂၉ လုံးနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ အင်းပတ်ရွာအပြင် အင်တိုင်းလေးကျေးရွာ၊ သရက်ကန်ကျေးရွာတွေကိုပါ ဒီနေ့မနက်က စစ်ကောင်စီတပ်က ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။