ထားဝယ်က ဘုန်းကြီးကျောင်းတွေအနီး လုံခြုံရေး တိုးမြှင့်

RFA Burmese
2024.06.28
ထားဝယ်က ဘုန်းကြီးကျောင်းတွေအနီး လုံခြုံရေး တိုးမြှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ အနီးမှာရှိတဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ ဇွန်လ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

ထားဝယ်ဘုရားကြီးအနီး ဘုန်းကြီးကျောင်းတွေ အများဆုံး အစုအဝေးနဲ့ ရှိတဲ့နေရာ အနီးတစ်၀ိုက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးကင်းတွေ ချထားတာလို့ ထားဝယ်လူထုသပိတ်လှုပ်ရှားမှု ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

"အခုဟာ ဒီရက်ပိုင်းအတွင်းမှာ မြို့ရဲ့လမ်းထောင့်တွေမှာ အထူးသဖြင့် ဘုန်းကြီးကျောင်းတွေရှိနေတဲ့ လမ်းထောင့်တွေမှာ နေရာယူထားတာ တွေ့ရတယ်။ လုံခြုံရေးကင်းတွေ ချထားတယ်"

ဇွန်လ ၂၅ ရက်နေ့ ညပိုင်းကလည်း ဇေယျဝတီစာသင်တိုက်နဲ့ မြေတိုက်ကျောင်းတိုက်ထဲကို စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ ဝင်ရောက် စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့ပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ကတည်းက ရဟန်းသံဃာတော်တွေပါ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

လက်ရှိမှာလည်း ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လှုပ်ရှားမှုမှာ ထားဝယ်မြို့က သံဃာတော်တွေပါဝင်လာမှာ စိုးရိမ်တာကြောင့် အခုလိုလုပ်ဆောင်လာတာလို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လက်ရှိမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ်ရှစ်ခုမှာရှိတဲ့ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားပါတယ်။ ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။