အိန္ဒိယ-အာဆီယံ ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ချန်လှပ်ထားဖွယ်ရှိ

ဇွန်လအလယ်မှာ ကျင်းပမယ့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်နိုင်ချေမရှိဘူးလို့ The Hindu သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဘုံသဘောတူညီမှု ၅ ချက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက ပျက်ကွက်နေတဲ့အတွက် အရေးပါတဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုပဲ ဖိတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေနဲ့ သံတမန်ရပ်ကွက်က သိရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်မှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးနဲ့ ဇွန်လ ၁၆ ရက် နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုပဲ ဖိတ်စာပို့ထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။

ဖိတ်ကြားချက်ကို ဒီနေ့ တနင်္လာနေ့ နောက်ဆုံးပြန်ကြားရမှာဖြစ်ပေမယ့် စစ်ကောင်စီဘက်က သဘောထားကို လတ်တလော မသိရသေးပါဘူး။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒါနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။