အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် တစ်နေ့ကို လူတစ်ရာသာ ခွင့်ပြု

RFA Burmese
2025.01.05
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် တစ်နေ့ကို လူတစ်ရာသာ ခွင့်ပြု ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ကို အိန္ဒိယဘက်က ဇန်နဝါရီ ၁ ရက်နေ့ကစတင် တင်းကျပ်ထားပြီး မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ဖြတ်သန်းသွားလာဖို့ တစ်နေ့ကို လူအယောက် တစ်ရာသာ ခွင့်ပြုထားတယ်လို့ နယ်စပ်ဒေသခံတွေက RFA ကို ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နယ်စပ် ရိဒ်-ဇိုခေါ်ထာရ် ဂိတ်တံတားကို ဖြတ်သန်းပြီး နှစ်နိုင်ငံ ကူးသန်းသွားလာဖို့အတွက် နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို မဖြစ်မနေ လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာဘက်က အိန္ဒိဘက်ကို သွားမဲ့သူတွေအနေနဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟွာလ်ငိုရမ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီက ထောက်ခံစာကို ယူရမှာဖြစ်တယ်လို့ CDF ဟွာလ်ငိုရမ်ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုဂျွန်ရောဘာ (John Roba) က RFA ကို ပြောပါတယ်။

“အခက်အခဲတော့ရှိတယ်၊ အိန္ဒိယဘက်ကို နေချင်းပြန် ကျောင်းတက်တဲ့ ကျောင်းသားတွေအတွက်တော့ အခက်အခဲ ဖြစ်တာပေါ့။ ဒါပေမဲ့ ဘယ်လိုလာမလဲတော့ စောင့်ကြည့်ရမယ်။ ဒီလိုတင်းကျပ်လာတာက လူအဝင်အထွက်ကို ကန့်သတ်ချင်တဲ့သဘောလည်း ဖြစ်တယ်။ အခုလက်ရှိ တစ်နေ့ကို တစ်ရာပဲ ခွင့်ပြုထားတယ်”

နယ်စပ်ဖြတ်ကျော်ခွင့်ဟာ ခုနစ်ရက် သတ်တမ်းရှိမှာဖြစ်ပြီး လူတစ်ဦးကို ကလေးငယ် သုံးယောက်သာ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သုံးယောက်ထက်ပိုရင် နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို နောက်ထပ်တစ်ခု လျှောက်ရမှာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယဘက်ကလည်း ဒေသတွင်းအုပ်ချုပ်ရေးမှူးတွေရဲ့ နှစ်နိုင်ငံ နယ်စပ် ဆယ်ကီလိုမီတာအတွင်း နေထိုင်ကြောင်း ထောက်ခံစာ၊ ဒေသတွင်းရဲစခန်းထောက်ခံစာ ဒါမှမဟုတ် အစိုးရ အသိမှတ်ပြုထားတဲ့ အရပ်ဘက် အဖွဲ့အစည်း တစ်ခုခုရဲ့ ထောက်ခံစာနဲ့ မြန်မာဘက်ကိုသွားဖို့ ဖြတ်သန်းခွင့်ကတ် လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဖြတ်သန်းသွားလာခွင့်ဟာ အပတ်စဉ် တနင်္လာနေ့ကနေ စနေနေ့အတွင်း အိန္ဒိယစံတော်ချိန် မနက် ၆ နာရီကနေ ညနေ ၃ နာရီခွဲအတွင်း ခွင့်ပြုပေးထားတာဖြစ်ပါတယ်။

အဝင်အထွက် နယ်စပ်ဂိတ်မှာ မီဇိုရမ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က စောင့်ကြည့်မှာဖြစ်ပြီးတော့ သတ်မှတ်ထားတဲ့စည်းမျဉ်းမလိုက်နာသူတွေကို တည်ဆဲဥပဒေအရ အရေးယူနိုင်သလို နယ်စပ်ဖြတ်ကျော်ခွင့် ပေးမှာမဟုတ်ဘူးလို့ ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထားပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်တာနဲ့ လူဦးရေကန့်သတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်က တစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။