မြန်မာနိုင်ငံက ဝင်ရောက်ခိုလှုံလာသူတွေအတွက် အကူအညီပေးဖို့ ဘဏ္ဍာငွေ လျာထားချက်ရှိတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က ဇွန်လ ၁၅ရက် မနေ့က ပြောတဲ့အကြောင်း အိန္ဒိယက NDTVသတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟာ မီဇိုရမ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ မီဇို လူငယ်ဗဟိုအဖွဲ့ CYMA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်း ပြောခဲ့တာပါ။
ဒုက္ခသည်တွေအတွက် အကူအညီငွေ တစ်ဦးကို ဘယ်လောက်ဆိုတာ သတ်မှတ်ထားပြီး မကြာခင် ထုတ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ်က သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက လာသူတွေအတွက် အကူအညီတွေ ဆက်ပြီးပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
CYMA မီဇိုလူငယ်အဖွဲ့ဟာ မြန်မာဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ကိစ္စတွေကို တာဝန်ယူဆောင်ရွက် ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။