ရေးမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ

RFA Burmese
2024.06.07
ရေးမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ ရေးမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဥ်။
Facebook/ရွှေဟင်္သာ ပရဟိတ လူမှုကူညီရေးအသင်း - မော့ကနင်

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာ ကားဆိပ်ရပ်ကွက်ထဲ ဇွန် ၅ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင်ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိပ်နေတဲ့မိသားစုတွေ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ည ၁၂ နာရီလောက်ပေါ့။ မိသားစုဝင်တွေက အိပ်နေကြတယ်။ သူတို့အိမ်ပေါ် ကျလာတယ်။ ကလေးတစ်ယောက်က ဗိုက်မှာ ထိတယ်။ ကျန်တဲ့သူတွေက ပေါင်မှာ ခြေထောက်မှာ ဒဏ်ရာအသီးသီးရကြတယ်။ အကုန်လုံး မိသားစုတွေ ကလေးသုံးဦးနဲ့ မိဘနှစ်ပါး ဒဏ်ရာရတာ”

ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ လမိုင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မော့ကနင်ကျေးရွာဟာ စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်း၊ အမှတ် ၅၈၈ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁၇ အမြှောက်တပ်ရင်းအနီးမှာ ရှိပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး ၃၈၆၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။