နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ အင်းစိန် စက်မှုလက်မှုသိပ္ပံ GTI ကျောင်းကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနကို ဒီနေ့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
အင်းစိန် GTI ကျောင်းကို လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် စစ်အစိုးရက ပိတ်ထားခဲ့တာဖြစ်ပြီး ကျောင်းဝန်းထဲမှာ ရဲစခန်း၊ စည်ပင်ဝန်ထမ်းအိမ်ယာ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပုဂ္ဂလိကဆေးရုံ စတဲ့လုပ်ငန်းတွေ ဖွင့်လှစ်ခဲ့ကြပါတယ်။
GTI ကျောင်းပရဝုဏ်ဟာ ၄၁ ဧက ကျော်ရှိပြီး အဲဒီကျောင်းဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေကို လာမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာ အပြီးသတ်ပြောင်းရွှေ့ပေးဖို့ သဘောတူညီချက်ရပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုလက်မှု သိပ္ပံကျောင်းတွေထဲမှာ အင်းစိန် GTI ကျောင်းဟာ သက်တမ်း အရှည်ကြာ ဆုံးဖြစ်ပြီး အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက် ၁၈၉၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာကြောင့် နှစ်ပေါင်း ၁၂၁ နှစ်ရှိနေပြီဖြစ်ပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေး စာရင်းဝင်ဖြစ်တဲ့ အင်းစိန် GTI ကျောင်းကို နဂိုမူလပုံစံ မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းမယ်လို့ နည်းပညာနဲ့ သက်မွေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောပါတယ်။
အင်းစိန် GTI ကျောင်းကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရတာကြောင့် ရေ၊ မီး နဲ့ အဆောက်အဦး ပြန်လည်ပြင် ဆင်ရေးကအစ လုပ်ဆောင်ဖို့ လိုအပ်တဲ့လုပ်ငန်း ရာနှုန်းပြည့်ရှိနေပြီး နည်းပညာနဲ့ ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်း ၂၀ ကျော်နဲ့ ချိတ်ဆက်ထားတယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
