ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူ-ငါးအိုးလမ်းမပေါ်က ငါးလမ်းဆုံရွာမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲ ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဇွန် ၉ရက်နေ့ မနက်ပိုင်းမှာ ရွှေကူမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ငါးလမ်းဆုံရွာက KIA သိမ်းယူထားတဲ့ ဗျူဟာစခန်းကို ဝင်ရောက်သွားတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဒီနေ့(ဇွန် ၉ရက်) မနက်ပိုင်းမှာကတော့ ငါးလမ်းဆုံဗျူဟာနားလောက်မှာ တိုက်ပွဲခဏဖြစ်တာရှိတယ်။ နာရီဝက်လောက်ပဲ ကြာပါတယ်။ ကျန်တဲ့နှစ်ရက်မှာကတော့ လက်နက်ကြီးနဲ့လှမ်းပစ်တာရှိတယ်။ ဒရုန်းနဲ့ထောက်လှမ်းပြီး ပစ်တာရှိတယ်။ အဲဒီနေရာကနေ ဆက်မတိုးနိုင်ဘူးပေါ့။ သူတို့ရဲ့ဗျူဟာကို ကြည့်လိုက်ခြင်းအားဖြင့် တစ်နေရာရာကနေ စစ်ကူစောင့်နေသလို တွေ့ရပါတယ်။ ရွှေကူကနေ ဗန်းမော်တက်ဖို့ ပြင်ဆင်နေတယ်လို့ သုံးသပ်ပါတယ်”
အဲဒီစစ်ကြောင်းဟာ တကောင်းမြို့နဲ့ ထီးချိုင့်မြို့တို့ကို ဆက်တိုက်သိမ်းပိုက်ပြီးနောက် ငါးအိုး-ရွှေကူလမ်းမကနေ ရွှေကူမြို့ကိုရဖို့ ပြီးခဲ့တဲ့မေလကတည်းက စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းမှာပါတဲ့ စစ်သား ၂၀၀ နီးပါးဟာ ရွှေကူမြို့အတွင်းကို ဝင်ရောက်နေသလို ကျန်တဲ့အင်အားတွေကိုတော့ ရွှေကူ-ငါးအိုးလမ်းမမှာ ကင်းပုန်းဝပ်ပြီး တပ်ဖြန့်ထားတာတွေ့ရတယ်လို့ သူကဆိုပါတယ်။
KIA ကတော့ ရွှေကူမြို့အတွင်းမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ငါးအိုး-ရွှေကူလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းနဲ့ ဒေသခံတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကို အသုံးပြုကာ မြို့ကနေ ဇွန်လ ၈ ရက်နေ့ နောက်ဆုံးထားထွက်ဖို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလိုပိတ်ပင်ထားတဲ့ လမ်းမတွေကို အသုံးပြုရာမှာ ပြဿနာဖြစ်ပေါ်ရင် တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ရွှေကူမြို့နယ်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၉၀,၆၉၁ ဦး နေထိုင်ပြီး တိုက်ပွဲတွေကြောင့် မံစီ၊ မိုးမောက်နဲ့ ဗန်းမော်မြို့က ဒေသခံ ငါးသောင်းနီးပါးလည်း ရွှေကူမြို့နယ်မှာ လာရောက်စစ်ရှောင်နေကြတယ်လို့ ဆိုပါတယ်။
အခုတော့ ဒေသခံတွေဟာ ရွှေကူမြို့ကနေ မိုးညှင်းအပြင် တိုက်ပွဲနဲ့ လွတ်ကင်းရာ နေရာတွေကို အလုံးအရင်းနဲ့ထွက်ခွာနေကြပြီး အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းလို့ မရွှေ့ပြောင်းနိုင်သူ တချို့ပဲ ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
