လူ့အခွင့်အရေးနဲ့လူ့ဂုဏ်သိက္ခာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လုပ်နေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာပဲ ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သူရဲ့မိတ်ဆွေတွေနဲ့ မိသားစုနဲ့နီးစပ်သူတွေက ဇွန်လ ၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ ရုပ်ရှင်သိပ္ပံကိုစတင်တည်ထောင်သူတစ်ဦးဖြစ်သလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့လူ့ဂုဏ်သိက္ခာမြှင့်မားရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးတွေအတွက် ကွယ်လွန်ချိန်အထိ ကြိုးပမ်းခဲ့သူ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသည်းရောဂါကို ဆယ်စုနှစ်တစ်ခုအကြာ ခံစားနေရပြီး ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိနေပြီဖြစ်ပါတယ်။
ကဗျာဆရာသစ္စာနီကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ဇွန်လ ၂ ရက်နေ့လယ်ပိုင်းမှာပဲ ရေဝေးသုဿန်မှာ မိသားစုဆန္ဒအရအကျဉ်းချုံးပြီး မိတ်ဆွေကဗျာဆရာအနည်းငယ် လိုက်ပါပို့ဆောင် သင်္ဂြိုလ်လိုက်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
နာရေးအခမ်းအနားကိုတော့ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာပဲ ကျင်းပသွားမှာဖြစ်တယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးမိသားစုနဲ့နီးစပ်သူ မိတ်ဆွေတစ်ဦးကပြောပါတယ်။
“ရေဝေးမှာသင်္ဂြိုလ်မယ်လို့လည်း ကြားတယ်ဗျ။ ကျွန်တော်တို့လည်း စုံစမ်းနေတယ်။ သူ့အိမ်သွားဖို့ကလည်း အခြေအနေကြည့်နေရတာပေါ့။ လွတ်လွတ်လပ်လပ် အချိန်မဟုတ်တော့ ကျွန်တော်တို့ထက် စစ်တပ်ဘက်က လူတွေက ကြိုရောက်နေမှာ စောင်ကြည့်နေမှာဆိုတော့လေ”
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ဒါရိုက်တာအင်းထင်ကိုကိုကြီး စတင်ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-ကနဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရသလို ၂၀၁၉ ခုနှစ်ကလည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သတ်လို့ ထောက်ပြဝေဖန်ခဲ့တာကြောင့် စစ်တပ်က ဖမ်းဆီးပြီး တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ ထောင်တစ်နှစ်ချခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းက ကြုံခဲ့ရတဲ့အခြေအနေတချို့နဲ့ ဆေးကုသခွင့်မရခဲ့တာတွေကြောင့် အသည်းရောဂါပိုပြီး ပြင်းထန်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာမှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့ အတတ် ပညာတွေကို လူငယ်တွေထံ အခမဲ့ လက်ဆင့်ကမ်းသင်ကြားပေးခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ်မှာ က ရန်ကုန်မြို့မှာ ပထမဆုံး စတင်ကျင်းပခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ပြီး လွတ်လပ်တဲ့အာရှအသံ RFA မှာ ရုပ်ရှင်ပွဲတော်နဲ့ အမေရိကန်ခရီးစဥ်အကြောင်း ဆွေးနွေးခဲ့ပါသေးတယ်။
၁၉၆၁ခုနှစ်မှာ မွေးတဲ့ ဆရာမင်းထင်ကိုကိုကြီးဟာ ၁၉၉၀ ဝန်းကျင် အသက် ၃၀ကျော်အရွယ်မှာ ကဗျာတွေကို စတင်ရေးသားခဲ့ပြီး ‘ဒီမိုးကရေစီးတယ်’ကဗျာနဲ့ အလယ်ရိုးမကဗျာဆုကို ရရှိခဲ့သူဖြစ်ပါတယ်။
