မြို့နယ်ပေါင်း ၈၀ နီးပါးမှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ နီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဒီမြို့နယ် ၈၀ ထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါး ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ၂၇ မြို့နယ်ထိ အများဆုံး ဖြတ်တောက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ MyTel ဖုန်းလိုင်းတွေအသုံးပြုနိုင်ပေမဲ့ ၁၇ ရက်နေ့ကစပြီး ဖုန်းလိုင်းရော အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ထားတယ်လို့လည်း ရေးသားထားပါတယ်။

အင်တာနက်လိုင်းကို တိုက်ပွဲဖြစ်သွားတဲ့နေရာတွေမှာ အဓိကဖြတ်တောက်လေ့ရှိပြီး ဖြတ်လေးဖြတ်နည်းဗျူဟာကို စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ဆက်လက်ကျင့်သုံးနေသလို သတင်းအချက်အလက် စီးဆင်းမှုတွေကို ဖုံးကွယ်ချင်တာနဲ့ တော်လှန်ရေးလုပ်ငန်းတွေကို မချိတ်ဆက်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာလို့လည်း ဆိုပါတယ်။

ဒီလိုဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံတွေ သတင်းမှန်ရရှိဖို့ ခက်ခဲနေတယ်လို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။

ဒါ့အပြင် ဘဏ်လုပ်ငန်းတွေနဲ့ အင်တာနက်လိုင်းကို အခြေခံပြီးလုပ်ရတဲ့ ငွေလွှဲလုပ်ငန်းတွေနဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။