မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အတိုင်ပင်ခံဖိတ်ခေါ်


2019.01.28
dassk-invest-myanmar-summit-622.jpg နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ ဇန်နဝါရီ ၂၈ က နေပြည်တော်မှာကျင်းပတဲ့ "Invest Myanmar Summit 2019" မှာ တွေ့ရစဉ်
Photo: UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

မြန်မာနိုင်ငံက ပြည်သူတွေထံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံကြဖို့နဲ့ စီးပွားရေး အလားအလာ အခွင့်အလမ်းတွေကို ရှာဖွေကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI က ဦးဆောင်ကျင်းပတဲ့ "Invest  Myanmar Summit 2019" မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ လမ်းဆုံအဖြစ် တည်ရှိပြီး မဟာဗျူဟာမြောက် ဈေးကွက်စီးပွားရေးတစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ရတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ  ရှာဖွေတွေ့ရှိနိုင်စေဖို့ ရည်ရွယ်ပြီး ၂ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ဒီနေ့ ဖွင့်ပွဲအခမ်းအနား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နဲ့  စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က  အမှာ စကားပြောခဲ့ပါတယ်။

ဒီပွဲကို တိုင်းနဲ့ ပြည်နယ် ၁၀ ခုက ဝန်ကြီးချုပ်တွေ တက်ရောက်ပြီး သူတို့ ဒေသအတွင်း ရင်းနှီးမြှုပ်နှံနိုင်မယ့် စီမံကိန်းတွေ၊ အခွင့်အလမ်းတွေကို ရှင်းလင်းဆွဲဆောင်ကြမှာဖြစ်သလို နိုင်ငံခြားသား လုပ်ငန်းရှင် ၄၀၀ ကျော်နဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ၅၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး နဲ့ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဆောင်ရွက်လို့ မရကြောင်း၊ NLD အစိုးရတာဝန်ယူပြီးနောက် ၃ နှစ်တာ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်နေပေမယ့် စီးပွားရေးကိုလည်း နောက်ချန်မထားခဲ့ကြောင်း ပြောခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ ယဉ်ကျေးမူအပေါ် အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။