တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် လမ်းဖောက်ရာမှာအသုံးပြုဖို့ ITD ကုမ္ပဏီက ထုတ်ယူတဲ့ ကျောက်မိုင်းတွေကြောင့် ပျက်စီးခဲ့တဲ့ လယ်ဧက ၂၀၀ နီးပါးအတွက် သီးနှံလျော်ကြေးကို ITD ကုမ္ပဏီက တောင်သူတွေထံ ဒီနေ့ ပေးအပ်ခဲ့ပါတယ်။
ကျောက်မိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ လယ်မြေတွေအတွက် လေးနှစ်စာ သီးနှံလျော်ကြေးပေးတာလို့ ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှထွေး က ပြောပါတယ်။
အီတာလျံထိုင်းကုမ္ပဏီဟာ ထားဝယ်ရေနံဆိပ်ကမ်း အကောင်အထည်ဖော်နေချိန်တုန်းက ကျောက်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး လယ်မြေတွေပျက်စီးတာကြောင့် သီးနှံ မစိုက်ပျိုးခဲ့ရတဲ့ လေးနှစ်စာအတွက် တစ်ဧကကို အထွက်နှုန်း ၄၅ တင်းနှုန်းနဲ့ တွက်ချက်ပြီး ၄ နှစ်စာကို ဒေသပေါက်ဈေးနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
တစ်ဧကအတွက် ငွေကျပ် ၇ သိန်းခွဲကျော် ပေးအပ်ရာမှာ စုစုပေါင်း လယ်ဧက ၂၀၀ နီးပါးအတွက် ကျပ်သိန်းပေါင်း ၁၄၀၀ ကျော် ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကျောက်မိုင်းကြောင့် လယ်မြေတွေပျက်စီးလို့ဆိုပြီး ပရဒတ်ကျေးရွာသားတွေနဲ့ ဘဝရွာသားတွေရဲ့ ကန့်ကွက်မှုကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ကျောက်ထုတ်လုပ်တာတွေ ရပ်ဆိုင်းထားပါတယ်။
နောက်နှစ်မှာလည်း အဲဒီလယ်မြေတွေမှ ပြန်စိုက်ပျိုးနိုင်တဲ့အထိ ကုမ္ပဏီနဲ့ ဌာနဆိုင်ရာတွေက ဆောင်ရွက်ပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနယ်စပ်အထိ လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လမ်းဖောက် လုပ်ဖို့ တိုင်းဒေသကြီးအစိုးရက လျာထားပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို ITD ကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ှရှိတယ်လို့ သိရပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ အရင်က အီတာလျံထိုင်းကုမ္ပဏီက ဆောင်ရွက်နေပြီး လျော်ကြေးပြဿ နာတွေ၊ မြေယာပြဿနာတွေကြောင့် ဒေသခံတွေက ကန့်ကွက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ရာမှာ နှေးကွေးလို့ဆိုပြီး ၂၀၁၃ ခုနှစ်ကုန်ပိုင်းကတည်းက ရပ်နားထားတဲ့ စီမံကိန်းဖြစ်ပါတယ်။