တစ်နှစ်အတွင်း ရတနာအခွန် ၁၂ ဘီလျံကျော်ရရှိကြောင်း ကချင်ပြည် နယ်ဝန်ကြီးချုပ် ပြော


2017.03.12
dr-khataung-620.jpg ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်မှာ တစ်နှစ်အတွင်း ငွေကျပ် ၆၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းတန်ချိန် ၂ သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။

အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို မနေ့ညက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကနေ ပြည်သူလူထုထံ အစီရင်ခံတင်ပြတဲ့အထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ယခုနှစ် ကျောက်စိမ်းထုတ်လုပ်မှုတန်ချိန်မှာ ၂ သောင်း ၄ ထောင် ၈၄ သန်းကျော်ဖြစ်ပြီး တန်ဖိုး ကျပ် ၆၅ ဘီလီယံကျော်ဖြစ်ကာ ရတနာခွန် ကျပ်  ၁၂ ဒဿမ ၉၇ ဘီလီယံ ကောက်ခံရရှိခဲ့ပါတယ်၊ နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းပါက ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ပြည်လူထုတရပ်လုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရန် မေတ္တာရပ်ခံရင်း အစီရင်ခံတင်ပြခြင်းကို နိဂုံးချုပ်အပ်ပါတယ်"

မိုးညှင်းခရိုင် လုံးခင်း-ဖားကန့် ရတနာနယ်မြေနဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေက ထွက်ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေကနေ အစိုးရက အခွန်ငွေရရှိတာဖြစ်ပါတယ်။

တရားမဝင်ကျောက်စိမ်းတန်ချိန် ၉၀ ကျော်နဲ့ သစ်တန်ချိန် ၉ ထောင်ကျော်ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပြီး ဘိန်းဖြူ၊ ဘိန်းမဲနဲ့ ဆေးပြားတွေ အပါအဝင် မူးယစ်ဆေးဝါး မျိုးစုံကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုကြောင့် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် ကူညီထောက်ပံ့ရေးနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေကြောင်းလည်း အစီရင်ခံတင်ပြခဲ့ပါတယ်။

အစိုးရက တစ်နှစ်တာကာလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေ မှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိအောင် မနေ့ညကစပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အစီရင်ခံတင်ပြ တာဖြစ်ပါတယ်။

နောက်ရက်တွေမှာလည်း တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးက အခြေအနေတွေကို ဆက်လက် အစီရင်ခံ တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။