မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေ ရပ်တန့်ထားဖို့ အမေရိကန်အမတ် ပြောဆို

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်နက်ရောင်းဝယ်မှုကလွဲပြီး အားလုံးကို ယာယီရပ်တန့်ထားဖို့ မနေ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS မှာကျင်းပတဲ့ နှီးနှောဖလှယ်ပွဲတစ်ခုမှာ မစ္စတာမက်ကိန်းက ပြောသွားတာပါ။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်အတွင်း နှစ်ကြိမ်သွားရောက်ခဲ့တဲ့ အမေရိကန်အမတ် မစ္စတာမက်ကိန်းက လက်ရှိ သမ္မတဦးသိန်းစိန်နဲ့ သူ့ကို ပူးပေါင်းဆောင်ရွက်နေသူတွေဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲအတွက် အမှန်တကယ် တိုးတက်အောင် လုပ်နေသူတွေဖြစ်တယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ မြန်မာအပေါ်ပိတ်ဆို့ အရေးယူမှုတွေကို ဆိုင်းငံထားသင့်ကြောင်း ပြောကြားသွားပါတယ်။

ဒါဟာ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတဲ့အဆင့် မဟုတ်ပါဘူး။ ဆိုင်းငံ့ထားတာပါ။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲတာတွေအပေါ် မူတည်ပြီး အရေးယူပိတ်ဆို့တာတွေကလည်း အလျှော့အတင်း ရှိသွားမှာပါလို့ မစ္စတာမက်ကိန်း ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရင်းနှီးမြှုပ်နှံမှုတွေမှာ လိုက်နာရမယ့် ကျင့်ဝတ်တာဝန်တွေလည်း ရှိတယ်လို့ သူက တဆက်တည်း ပြောသွားပါတယ်။ အထူးသဖြင့် မြန်မာလူထုရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံက စီးပွားရေးကို စစ်တပ်က လွှမ်းမိုးထိန်းချုပ်ထားဆဲ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတာကြောင့် အမေရိကန်စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက် ရင်းနှီးမြှုပ်နှံဖို့ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးဘူးလို့ အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေ စုပေါင်း လက်မှတ်ရေးထိုးပြီး အမေရိကန် သမ္မတ အိုးဘားမားကို သောကြာနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။

အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာမျိုး မဖြစ်ရအောင် အမေရိကန်အစိုးရကို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ CRN ခေါ် စီးပွားရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများ လူ့အခွင့်အရေးကို လေးစားလိုက်နာအောင် နှိုးဆော်နေတဲ့ ကွန်ယက်ရဲ့ ညွန်ကြားရေးမှူး Kathy Mulvey ကပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနဲ့ ပတ်သက်တဲ့ မကြာသေးခင်က ထွက်လာတဲ့ အစီရင်ခံစာတွေ၊ မျက်မြင်သက်တွေရဲ့ထွက်ဆိုချက်တွေဟာ ဒီအိတ်ဖွင့်ပေးစာမှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေအတွက် အလေးထား သတိပြုစရာတွေ ဖြစ်ပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်နေတဲ့ အရှိန်အဟုန်မြင့်လာတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဂုဏ်ပြုနေကြပေမယ့် တချိန်တည်းမှာပဲ မြန်မာ့စီးပွားရေးကို စစ်တပ်က ချုပ်ကိုင်လွှမ်းမိုးထားတဲ့အချက်ကို အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေဘက်က စိုးရိမ်နေတာပါလို့ Ms.Kathy Mulvey ကပြောသွားတာပါ။