သတင်းယူနေတဲ့ မီဒီယာသမားတွေပါ ရိုက်နှက်ခံရ

2021.02.18

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မန္တလေးမြို့က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ များလာ နေသလို ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေကိုပါ ရိုက်နှက်တဲ့အခြေ အနေအထိ ရှိလာနေပါတယ်။

သတင်းထောက်ပါလို့ ပြောနေပေမယ့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက အတင်းရိုက်နှက် ဆဲဆိုပြီး ကားပေါ် ခေါ်သွားခံရတယ်လို့ မန္တလေးဆန္ဒပြပွဲမှာ သတင်းရယူနေတဲ့ ဗီဒီယိုသတင်းထောက် ကိုကျော်ဇေဝင်းက ပြောပါတယ်။

"ကျွန်တော့်ကို ဆွဲခေါ်ထုတ်လာပြီး တစ်ယောက်စရိုက်တယ်။ ရိုက်တဲ့အချိန်မှာ တစ်ယောက်က ကန်လိုက်တော့ ကျွန်တော်လဲသွားတယ်။ လဲသွားတဲ့အချိန်ကျမှ သူတို့ရဲ့ နံပါတ်တုတ်တွေနဲ့ ခေါင်းတွေကို ချည်းရိုက်တယ်။ မျက်နှာကို ခြေထောက်နဲ့နင်းတယ်။ ကျွန်တော်က မျက်နှာကို ကာထားတော့ သိပ်မထိ ပေမယ့် ခေါင်းတွေကတော့ ရိုက်ရိုက်ပြီးချင်းနောက်တစ်ရက်ထိ နာကျင်ကိုက်ခဲတယ်။ အရိုက်ခံရတဲ့နေ့က ကျွန်တော်ပြောတယ်။ ကျွန်တော်သတင်းထောက်ပါလို့။ ကျွန်တော် မီဒီယာသမားပါ ကင်မရာလည်း ပါတယ်။ ဒါပေမဲ့မရဘူး။ ကျွန်တော့်ကို ဆွဲရိုက်နှက်တယ်။ အတင်းခေါ်သွားတယ်။ ကားပေါ်ကို။ ကားပေါ် ရောက်တဲ့အချိန်မှ ဘယ်ကလဲ မေးတော့မှ မီဒီယာသမားပါလို့ ပြောတော့မှ ပြန်လွှတ်ပေးလိုက်တာ။ တစ်လမ်းလုံးမှာလည်း ရဲတပ်သားတွေနဲ့ စစ်သားတွေက မင်းလား မီဒီယာသမား။ မင်းတို့ပုံတွေက ငါတို့ကိုပုံဖျက်ဖို့လားဆိုပြီး တစ်လမ်းလုံး ဆဲဆိုလာတယ်။"

ဆန္ဒပြပွဲမှာ ရိုက်နှက်ခံခဲ့ရတာ ကိုကျော်ဇင်ဝင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ သူနဲ့အတူ သတင်း ရယူနေတဲ့ ကျန်တဲ့ သတင်းထောက်တွေကိုလည်း နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဆဲဆိုခဲ့သလို လေးခွဲနဲ့ ပစ်တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ သတင်းသွားယူပြီး ပြန်လာတဲ့ သတင်းထောက်တွေရဲ့ နောက်ကိုလည်း အရပ်ဝတ်တွေနဲ့ နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်ခံနေရတယ်လို့ ပုသိမ်မြို့က လုံခြုံရေးအရ အမည်အဖော်လိုတဲ့ အလွတ် သတင်းထောက်တစ်ဦးက ဆိုပါတယ်။

"ဆန္ဒပြပွဲတွေ အခု ဆက်တိုက်ဖြစ်နေတယ်။ ဆန္ဒပြပွဲတွေမှာ သတင်းသွားယူပြီး ပြန်လာတဲ့ အခါမျိုးမှာ ဆိုရင်လည်း ရဲတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ နောက်ယောင်ခံ လိုက်တာမျိုးတွေရှိတယ်။ ညဘက်တွေ ဆိုရင်လည်း အိမ်ပတ်ဝန်းကျင်မှာ ဆိုင်ကယ်နဲ့ သွားလာပြီးတော့ အိမ်ကိုပတ်ပြီး စောင့်ကြည့်တဲ့ သဘောမျိုးတွေရှိတယ်။ ကျွန်တော်တို့ အပြင်ထွက်မှာစိုးလို့။ အခုဆိုရင် ညဘက်ထွက်ဖို့တောင်မှ တော်တော် စိုးရိမ်နေရတဲ့ အနေအထား။ အပြင်လည်း မထွက်ဖြစ်တော့ဘူး။ ကိုယ့်လုံခြုံရေးကို ဂရုစိုက်တဲ့ အနေနဲ့ ညဘက်ဆိုလည်း အိမ်တွေတောင် ပြောင်းအိပ်နေရတယ်။ ကျွန်တော်တို့ကို ဘယ်အချိန် လာဖမ်းမယ်ဆိုတာကို အာမခံချက်မရှိတော့ဘူး။"

ဆန္ဒပြနေသူတွေနဲ့ သတင်းယူနေတဲ့ သတင်းသမားတွေရဲ့ မျက်နှာတွေကို ဓါတ်ပုံဗီဒီယို အနီးကပ်ရိုက် ပြီး မှတ်တမ်းတင်နေသူ တချို့လည်း ရှိနေတယ်လို့ ရန်ကုန်က သတင်းထောက်တစ်ဦးက ပြောပါတယ်။

"ရဲတွေရဲ့ဘေးမှာ အရပ်ဝတ်နဲ့ လူတစ်ယောက်ကဆိုရင် ဖုန်းနဲ့ ဆန္ဒပြတဲ့သူတွေထဲကို ရိုက်တာ။ ဖုန်းနဲ့ ရိုက်တာဆိုတော့ ဓါတ်ပုံရိုက်တာလား ဗီဒီယိုရိုက်တာလားတော့ မသိဘူး။ ဒါပေမဲ့ ရိုက်နေတယ်။ အဲချိန်မှာ ဆန္ဒပြတဲ့ပြည်သူတွေထဲက လှမ်းပြောတယ်။ လက်နက်မပါတဲ့ ပြည်သူတွေကို ဘာလို့ မှတ်တမ်းတင် တာလဲပေါ့။ ဘာလုပ်ချင်တာလဲပေါ့။ အဲလိုမျိုး ပြောတဲ့အခါ သူရိုက်နေတဲ့ဖုန်းကိုတော့ ပြန်သိမ်း လိုက်တယ်။"

အကြမ်းဖက် ဖြိုခွင်းနေတဲ့ချိန်မှာ မီဒီယာသမားမှန်းသိရင် ပိုပြီးအန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေ တွေ့ ရတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကွာအဝေးတစ်ခုထားပြီးနေဖို့ သတင်းစာဆရာ ဦးမြင့်ကျော်က သတိပေးတိုက်တွန်းပါတယ်။

"မီဒီယာကို ရောပြီးတော့ လက်စားချေတာပေါ့နော်။ မီဒီယာဖော်ပြမှုတွေကို သူတို့ မနှစ်မြို့ဘူး။ မလိုလား ဘူးဆိုတော့ ဖြိုခွင်းတဲ့အခါမှာ မီဒီယာမှန်းသိရင် ပိုပြီးတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေလည်း တွေ့နေရတယ်။ သတင်းသမားတွေအနေနဲ့ ဖြိုခွင်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တတ်နိုင်သမျှတော့ အကွာအဝေးတစ်ခု ထားပြီးနေဖို့ပဲ တိုက်တွန်းချင်တယ်။ သတင်းရယူတဲ့အခါမှာလည်း ရှောင်ဖို့အတွက် လုံလောက်တဲ့ အကွာအဝေးကနေပြီး သတင်းယူတာမျိုး အကြံပြုချင်တယ်။"

ကယားပြည်နယ်က ဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို လုံခြုံရေးအဖွဲ့တွေက မှတ်တမ်းတင်ထားတာကြောင့် လက်ရှိအခြေအနေမှာ မလုံခြုံဘူးလို့ ကယားပြည်နယ် အခြေစိုက် သတင်းထောက်တစ်ဦးက ပြောပါတယ်။

"ဒီမှာက သတင်းသမား အရမ်းနည်းတဲ့အတွက် သတင်းသမားကို တစ်ခုခုလုပ်တော့မယ်ဆိုရင် စိုးရိမ်စရာရှိတယ်။ ဘာလို့လဲဆိုတော့ သတင်းသမားက ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်မှာနေလဲ အကုန်လုံးသူတို့ သိနေကြတယ်ဆိုတော့ အဲဒီဟာက အဓိက မလုံခြုံဘူးလို့ ပြောရမယ်။ အခုလက်ရှိ အခြေအနေမှာပေါ့။"

သတင်းမီဒီယာသမားတွေရဲ့လုံခြုံရေး ခြိမ်းခြောက် ခံနေရတာကြောင့် စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေကို လိုက်နာဖို့လိုတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်လွင်ထွဋ်က ထောက်ပြပါတယ်။

"လက်ရှိအချိန်က မြေပြင်မှာ သတင်းရယူနေရတဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးက ဘာမှအာမခံချက် မရှိဘူး။ လက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ဥပဒေ အခန်း ( ၃ ) ပုဒ်မ ၇ ( က ) အရဆိုရင် သတင်းသမား တစ်ဦးက စစ်ဖြစ်ပွားရာ ဒေသပဲဖြစ်ဖြစ်၊ အဓိကရုဏ်းတွေ အရေးခင်းတွေ ဆန္ဒပြနေတာတွေမှာပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ သတင်းရယူလို့ ရတယ်ဆိုတာ အတိအကျ ပြောထားတယ်။ အဲလို ရယူရာမှာလည်း လုံခြုံရေးအဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းတာတွေ သတင်းမှတ်တမ်းတွေ ဖျက်ဆီးတာ သိမ်းယူတာတွေ မလုပ်ရဘူးလို့ အတိအကျပြောထားတယ်။ စစ်အာဏာသိမ်းအစိုးရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ ဒီအချက်တွေကို မဖြစ်မနေ လိုက်နာဖို့ လိုတယ်။ အဲဒါမှလည်း သတင်းသမားတွေရဲ့ လုံခြုံမှု ရှိလာမှာဖြစ်တယ်။ ဒီအချက်တွေ မလိုက်နာရင်တော့ ကျွန်တော်တို့အတွက်လည်း လုံခြုံမှုက ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။"

သတင်းမီဒီယာတွေရဲ့ သတင်းရေးသားမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့ ညိစွန်းလာတာတွေကို ကန့်သတ်မှုတွေ လုပ်သွားမှာဖြစ်ပြီး ဒီအပေါ်မှာ အာမမခံနိုင်ဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန စစ်ကာင်စီရဲ့ ပထမအကြိမ် သတင်း စာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"အရင်တုန်းက ရေးသားခဲ့တာတွေရှိတယ်။ အရေးယူခံခဲ့ရတာတွေရှိတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အရေးယူ ခံခဲ့ရလား။ သို့သော် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ဖို့လိုပါတယ်။ ဥပဒေနဲ့ ညိစွန်းလာတာ တွေကိုတော့ ကန့်သတ်မှုများ လုပ်ကောင်းလုပ်ရပါလိမ့်မယ်။ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အာ မခံခြင်း မခံခြင်းက နံပါတ်တစ်ကတော့ အာမလည်းမခံနိုင်ဘူး။ လုပ်ပါမယ်လို့လည်း မပြောဘူး။ မလုပ်ပါဘူး လို့လည်း မပြောဘူး။ ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်လို့ပဲ ပြောချင်ပါတယ်။"

ဖေဖော်ဝါရီ ၁၄ ရက် ညအချိန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်မှာရှိတဲ့ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးရုံရှေ့မှာ ဆန္ဒပြသူတွေနဲ့ ရဲ၊ စစ်တပ်တို့ ထိပ်တိုက်တွေ့နေတဲ့အချိန် ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဒီအခြေအနေကို သတင်းထောက်တွေက တိုက်ရိုက်သတင်းထုတ်လွှင့်ခဲ့ရင်း သတင်းထောက် ငါးဦး ဖမ်းဆီးခံခဲ့ရပါတယ်။နောက်တစ်ရက်မှာ အဲဒီ သတင်းထောက်တွေ အကုန် ပြန်လွတ်လာကြပါတယ်။

တစ်ပြည်လုံးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်နေသလို ဆန္ဒပြပွဲတွေကို သတင်းရယူဖော်ပြပေးနေတဲ့ သတင်းသမားတွေလည်း ဖမ်းဆီးတာ ရိုက်နှက်ခံရတာတွေ ရှိနေတာကြောင့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေက မီဒီယာသမားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက် ဖမ်းဆီးတာတွေ ပိုပြီးလုပ်လာမယ့်အရေးကို သတင်းလောကသားတွေ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။