ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေးရေး ပြင်သစ်သံရုံး တောင်းဆို

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုပါတယ်။

သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံမှာ အင်တာနက် ကန့်သတ်ချက်တွေအားလုံးကို ရုပ်သိမ်းပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို တိုက်ခိုက်နေတာဟာ အလွန်စိုးရိမ်ဖွယ်ဖြစ်ပြီး မီဒီယာအများအပြား လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံရတာ သူတို့ရဲ့ လုပ်ငန်းတွေ ရပ်တန့်ဖို့ တွန်းအားပေးခံခဲ့ရတယ်လို့ ပြစ်သစ် သံရုံးက ပြောပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ဖို့ အသက်အန္တရာယ်ကို စွန့်စားပြီး လုပ်ဆောင်နေရတဲ့ သတင်းထောက်တွေရဲ့ အလုပ်ကို ပြင်သစ်နိုင်ငံက လေးစား ဂုဏ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် 7 Days News၊ Delta News Agency၊ DVB၊ Kamayut Media၊ Khit Thit၊ Mizzima၊ Myanmar Now၊ Myitkyina News Journal၊ Tachileik News Agency၊ The 74 Media နဲ့ Zayar Times စတဲ့ သတင်းဌာန ၁၁ ခုကို စစ်ကောင်စီက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းထားပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ သတင်းသမား ၁၄၃ ဦးအထိ အဖမ်းခံရပြီး ၃၉ ဦး ဖမ်းဆီးချုပ်နှောင်ခံ နေရဆဲဖြစ်ကာ နောက်ထပ် ၁၉ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ မေလ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု အများဆုံး နိုင်ငံစာရင်းမှာ ဒုတိယနေရာမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။