စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ကို ချိပ်ပိတ်ပြီး ပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2023.09.21
စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ကို ချိပ်ပိတ်ပြီး ပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဆီး စစ်ကိုင်းမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ် ချိပ်ပိတ်ခဲ့သည့် Hello Mobile ဖုန်းဆိုင်အား တွေ့ရစဉ်။
Hello Mobile Page

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် စျေးလမ်းထဲက Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ညပိုင်းမှာ ဖုန်းဆိုင်ကို ချိပ်ပိတ်သွားတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ သူ့ကို စစ်ကိုင်းမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့နဲ့ စွပ်စွဲထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာ ကိုဝေဖြိုးကို စစ်ကောင်စီတပ်က စတင်ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ နာရီပိုင်းအတွင်း ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့တာလို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဖုန်းဆိုင်ကို ညကြီးမိုးချုပ်အချိန်မှာ စစ်ကောင်စီအဖွဲ့က တံခါးဖျက်တယ်။ ပိုင်ရှင်ကို ဖမ်းသွားတယ်။ နောက်နေ့ မနက်စောစောပြန်လွှတ်ပြီး မနက် ၉ နာရီလောက်မှာပဲ ပြန်ဖမ်းသွားတာ။ အဲဒီနေ့ည စက်တင်ဘာလ ၂၀ နေ့ပေါ့ ဆိုင်ကို ချိပ်ပိတ်သွားတယ်”

အသက် ၃၉ နှစ်အရွယ် Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးဟာ စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာသား ဖြစ်ပါတယ်။ သူဟာ စစ်ကိုင်းမြို့ပေါ်မှာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး အကြမ်းဖက်သူလည်းမဟုတ်ဘူးလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ကျတဲ့ ဒုရဲအုပ် သန်းမင်းစိုးနဲ့ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့နှစ်ဦး စက်တင်ဘာလ ၁၃ ရက်က သလွန်ဖြူရွာအနီး ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ သလွန်ဖြူရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသား ခုနစ်ဦးကို သတ်ဖြတ်ခဲ့သလို နောက်ထပ် အရပ်သားသုံးဆယ်ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဝေဖြိုး ဖမ်းဆီးခံရတာကတော့ ဒီကိစ္စနဲ့ ဆက်စပ်မှုရှိ မရှိနဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၀ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းနီးပါး (၁၉,၂၄၆) ဦး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။