မဲပလီစခန်းသိမ်းတိုက်ပွဲမှာ အရပ်သားလေးထောင်နီးပါး ထွက်ပြေးရ
2025.02.05

မွန်ပြည်နယ် ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာ ၁၉ ရွာက အရပ်သားလေးထောင်နီးပါး (၃၉၈၆ ဦး) ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်က အဲဒီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီအစကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ရက်ပေါင်း သုံးဆယ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ (၃၃) ကြိမ်၊ Y−12 နဲ့ တစ်ကြိမ် လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အပြင် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်က အမှတ် (၃) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
ဒီလိုပစ်ခတ်တာတွေကြောင့် မဲပလီကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ရှစ်ရွာက လူ ၁၃၁၈ ဦး၊ အစူးချောင်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာလေးရွာက လူ ၈၇၇ ဦး၊ ပီတိကျေးရွာအုပ်စုမှာရှိတဲ့ ရွာလေးရွာက ၆၆၅ ဦး၊ ရွှေလောင်းအင်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာလေးရွာက ၁၁၂၆ ဦးတို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၉ ဦး သေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေ သိမ်းယူနိုင်ခဲ့သလို ပူးပေါင်းတပ်ဖွဲ့တွေကလည်း သုံးဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။