ပဲခူးနဲ့ မကွေးတိုင်းက စစ်ကောင်စီ ကင်းစခန်းတွေကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

RFA Burmese
2023.09.26
ပဲခူးနဲ့ မကွေးတိုင်းက စစ်ကောင်စီ ကင်းစခန်းတွေကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
ACDF

ပဲခူးနဲ့ မကွေးတိုင်းမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းနဲ့ ရဲကင်းစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNLA၊ ABSDF တို့ ပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးရှစ်ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၂ နာရီကျော်မှာ မကွေးတိုင်း မင်းလှမြို့နယ် လက်ပံတံခါး နယ်မြေရဲစခန်းကို သိမ်းယူနိုင်ဖို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့ကြပေမယ့် လက်နက်အင်အား ကွာဟတဲ့အတွက် မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ PRA မကွေး စစ်ဦးစီးချုပ် ကိုကျော်ကိုရှိန်းက ပြောပါတယ်။

ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်တဲ့အတွက်  စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးတယ်လို့ ဒေသခံတွေ ပြောတဲ့အတွက် သိရပေမယ့် သူတို့အဖွဲ့တွေကတော့ သတင်းအတိအကျ သိရဖို့ စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PRA မကွေး၊ အရှိုချင်း ကာကွယ်ရေးတပ် ACDF နဲ့ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာ အထိအခိုက်အကျအဆုံး မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ကျေးရွာမှာ အထိုင်ချထားတဲ့ ကင်းစခန်းကို KNLA၊ ABSDFနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တွေ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတစ်ဦးနဲ့ ဒေသအခေါ် ပျူစောထီး နှစ်ဦး သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက RFA ကို ပြောပါတယ်။

ဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ G3 သေနတ်တစ်လက်၊ ကျည်အိမ်(ကျည်ဘောက်) လေးခု၊ ကျည်ဆန် ၆၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် အသေအဆုံး မရှိဘူးလို့ ဆိုပါတယ်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ  စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေး စစ်ဆင်ရေး ဆောင်ရွက်နေပြီး ပဲခူးတိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA က  သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ သက်ဆိုင်ရာ တိုင်းတွေက စစ်ကောင်စီ ပြောခွင့်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မကွေးတိုင်းနဲ့ ပဲခူးတိုင်းက တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက စစ်ဆေးမေးမြန်း နေပြီး အချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။