စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး CDM ဝင်လာကြောင်း KNU ထုတ်ပြန်

RFA Burmese
2025.02.05
စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး CDM ဝင်လာကြောင်း KNU ထုတ်ပြန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် KNLA တပ်ရင်း (၉) ထံ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုမှာ ပါဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Karen National Union

ပဲခူးတိုင်း၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) နဲ့ လာရောက် ပူးပေါင်းခဲ့ကြောင်း KNU ဗဟိုက ဖေဖော်ဝါရီလ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းက ဒုတပ်ကြပ် ညီညီလွင်၊ တပ်သား ကိုမြင့်ဝင်း၊ မျိုးမင်းသက်နဲ့ စောအေးဖရေ တို့ လေးဦးဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က MA-4 တွဲပစ်လောင်ချာ တစ်လက်၊ MA-1 နှစ်လက်၊ ကျည် (၇၅) တောင့်နဲ့ ကျည်ဘောက် သုံးဘောက်တို့ကို ယူလာပြီး CDM ဝင်လာတာလို့ ဆိုပါတယ်။

ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘဲ စစ်ကောင်စီက စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံခဲ့ရသူတွေလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို လယ်ဒိုမြို့တာဝန်ရှိသူတွေနဲ့ KNLA တပ်ရင်း တာဝန်ရှိသူတွေက တစ်ဦးကို ကျပ်ဆယ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ လက်နက်ချပြီး နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကြဖို့ KNU က တိုက်တွန်းထားပါတယ်။

၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ တစ်သောင်းခွဲနီးပါး (၁၄,၇၆၀ ဦး) ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။