ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဆိုင်ကယ်တစ်စီးကို ငွေတစ်သောင်းနှစ်ထောင်နဲ့ စီးနင်းခွင့်ကတ်ပြားလုပ်မှသာ ဆိုင်ကယ်စီးနင်းခွင့်ရမယ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတွေက ရပ်ကွက်အတွင်း လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ သတင်းပေးတွေ အပြင်၊ ရဲစခန်းနဲ့ ယာဉ်ထိန်းရဲရုံးတွေကို မြို့ပြပြောက်ကျား PDF အဖွဲ့တွေက ဆိုင်ကယ် ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ များလာတာကြောင့် အခုလို ဆိုင်ကယ်စီးနင်းခွင့် မှတ်ပုံတင်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးလာတာလို့ ဆိုပါတယ်။
အဲ့ဒီစီးနင်းခွင့်ကတ်ပြားဟာ က.ည.န လိုင်စင်ရုံးကနေ ထုတ်ပေးထားတဲ့ တရားဝင် လိုင်စင်ကဒ်ပြားနဲ့ မဆိုင်ဘဲ၊ စစ်ကောင်စီက သီးသန့်ထုတ်ပေးမယ့် ဆိုင်ကယ် တရားဝင် စီးနင်းခွင့် ကတ်ပြားဖြစ်တယ်လို့ ဆိုပါတယ်။
သန်လျင်မြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့်မပြုဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မေလ ၂၂ ရက်နေ့ကစလို့ စီးနင်းခွင့်တွေ လုပ်ခိုင်းနေတာ ဖြစ်ပါတယ်။
ဆိုင်ကယ်စီးတဲ့သူတွေဟာ စီးနင်းခွင့်အပြင် သတ်မှတ်ထားတဲ့ ဝတ်စုံဝယ်ရမယ်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက ပြောဆိုကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"က.ည.န က ထုတ်ပေးထားတဲ့ တရားဝင်ဆိုင်ကယ်စီးနင်းခွင့် လိုင်စင်ရှိပါတယ်၊အဒါက အသုံးမဝင်ဘူး။ သူတို့ထုတ်ပေးတဲ့ စီးနင်းခွင့်ကတ်ပြားနဲ့ ဝတ်စုံပဲ ဝတ်ရမယ်လို့ ပြောတယ်။ ဒီနေ့ဆိုရင် ရွှေဝါလမ်းထိပ်က ရာအိမ်မှူးရဲ့ ရွှေမြမုန့်ဆိုင်မှာ စစ်ကောင်စီတပ်တွေက ထိုင်နေပြီးတော့ ရပ်ကွက်အတွင်းလမ်းက သွားသမျှ ဆိုင်ကယ်တွေကို ဖမ်းတယ်၊ ဖမ်းပြီးရင် ပြန်မပေးဘူး။ ကားတွေနဲ့သယ် သွားကြတယ်"
ဆိုင်ကယ်စီးနင်းဖို့အတွက် ငွေခြောက်ထောင်နဲ့ နာမည်စာရင်းအချက်အလက်ကို စစ်ကောင်စီခန့် ရာအိမ်မှုးတွေထံမှာ ကနဦးပေးသွင်းထားရပြီး၊ ကျန်ငွေ ခြောက်ထောင်ကိုတော့ သတ်မှတ်ထားတဲ့ ဝတ်စုံဖိုးအတွက် ပေးသွင်းပြီးမှသာ ဆိုင်ကယ်စီးနင်းခွင့်ရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် မြို့နယ်ထဲမှာပါတဲ့ သန်လျင်မြို့နယ်ဟာဆိုရင် ဆိုင်ကယ်ကိုသာ အဓိကအားထား အသုံးပြုကြတဲ့ မြို့နယ်ဖြစ်ပါတယ်။
ဆိုင်ကယ်စီးနင်းခွင့်အတွက် ငွေကျပ် တစ်သောင်းနှစ်ထောင် ပေးဆောင်ရတဲ့အတွက်လည်း မြို့ခံလူထုက မကျေမနပ်ဖြစ်နေကြပါတယ်။