စစ်ကောင်စီကို ထိရောက်တဲ့ တားဆီးမှုလုပ်ဖို့ နိုင်ငံတကာကို NUG တောင်းဆို
2024.09.03
စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချလာတဲ့လုပ်ရပ်တွေ ရပ်တန့်စေရေး နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာပြည်သူတစ်ရပ်လုံး ကြုံတွေ့ခံစား နေရတာတွေအားလုံးရဲ့ အရင်းအမြစ်ဟာ စစ်ကောင်စီနဲ့ သူရဲ့ မတရားတဲ့အမိန့်တွေကို လိုက်ပါဆောင်ရွက်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက အတင်းအကြပ် အသက်သွင်းပြီး အသက်(၁၈) နှစ်ကနေ (၃၅) နှစ်အတွင်းက လူငယ်တွေကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းဖို့ ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့မှာလည်း “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” အမည်နဲ့ အဖွဲ့အစည်းတစ်ခုကို ထပ်မံဖွဲ့စည်းပြီး အသက် (၃၅) နှစ်ကနေ အသက် (၆၅) နှစ်အတွင်းက သက်ကြီးပိုင်းပြည်သူတွေကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ပြင်ဆင်ကြိုးပမ်းလာတာကို တွေ့ရတယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို လူသားဒိုင်းသဖွယ်လုပ်ဖို့ ကြိုးစားနေတယ်လို့ NUG ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုကြောင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ရပ်တည်ရေး တစ်ခုတည်းအတွက် တိုင်းပြည်နဲ့ ပြည်သူလူထုကို ဓားစာခံတွေ၊ လူသားဒိုင်းတွေသဖွယ် အသုံးချနိုင်ဖို့ ကြိုးပမ်းလာတာလို့လည်း NUG က ဆိုပါတယ်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး ကြိုးပမ်းနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကို အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။