တူမီးသေနတ်ထမ်းပြီး အမဲလိုက်ရာကနေ ပြန်လာတဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုင်းဇန်ရွာသား နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ ကိုပေါင်ဇမောင်နဲ့ ကိုပေါင်ဆွင်းထန်တို့ဟာ မွှာပီးရွာနား တောတောင်တွေထဲမှာ ၆ ရက်ကြာ အမဲလိုက်ပြီး ပြန်လာချိန် မေလ ၂၁ ရက်နေ့က စကောလမ်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ထိပ်တိုက်ဆုံ အဖမ်းခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတာလို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။
"သူတို့နဲ့အတူ အမဲလိုက်ပြီး ပြန်လာကြတဲ့သူတွေတော့ အရှေ့က သွားတာဆိုတော့ လွတ်သွားတယ်။ တူမီးသေနတ်တွေနဲ့ဆိုတော့ CDF လို့ထင်ပြီး ဖမ်းလိုက်ကြတာ။ အိမ်ပြန်မရောက်လို့ လိုက်စုံစမ်းလိုက်တော့မှ သေသွားပြီဆိုတာ သိရတာ"
သူတို့နှစ်ယောက်ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင်တွေလို့ ယူဆပြီး စစ်တပ်ဘက်က သတ်လိုက်တာလို့ ဆိုပါတယ်။
ဒီဒေသခံနှစ်ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေထုတ်လွှင့်နေတဲ့ အွန်လိုင်းစာမျက်နှာတွေမှာတော့ ဒီဒေသခံနှစ်ယောက်ဟာ CDF အဖွဲ့ဝင်တွေဖြစ်ပြီး၊ လက်နက်ခဲယမ်းတွေနဲ့ အသေဖမ်းမိခဲ့တာလို့ ရေးသားနေကြပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုနဲ့ ရင်းနှီးသူတွေကတော့ သူတို့ဟာ သာမာန်အမဲလိုက် ဝမ်းစာရှာထွက်နေကြတဲ့ အရပ်သားတွေလို့ ဆိုပါတယ်။ သေဆုံးသွားသူ ကိုပေါင်ဇမောင်ဟာ အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး၊ ကိုပေါင်ဆွင်းထန်ကတော့ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ် တစ်ပြည်နယ်လုံးမှာ သေဆုံးခဲ့ရတဲ့ ဒေသခံ ၂ဝဝ နီးပါး ရှိပြီး တီးတိန်ဒေသခံ ၆ ဦး ပါပါတယ်။