အတိုက်အခံနဲ့တွေ့ဆုံတဲ့ အမေရိကန်က စံနှုန်းနှစ်မျိုးထားတယ်လို့ စစ်ကောင်စီဝေဖန်

ဝါရှင်တန်ဒီစီမှာ ဒီလ ၁၂ နဲ့ ၁၃ ရက်က ကျင်းပတဲ့ အမေရိကန်-အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်း ထိပ်သီးညီလာခံမှာ တက်ရောက်ခွင့်မရဘဲ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာကို စစ်ကောင်စီက မနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေ မေ ၁၂ ရက်က တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနေရာကို ထိုင်ခုံ အလွတ်ထားပေမယ့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံတာကို အမေရိကန်က စံနှုန်းနှစ်မျိုးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်က အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဟာ အင်အားကြီး တရုတ်နဲ့ အိန္ဒိယနဲ့ အပေးအယူမျှပြီး ဆက်ဆံရေးရှိနေတယ်လို့လည်း ပြောပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲမှာ အမေရိကန်က ယူကရိန်းကို ထောက်ခံပေမယ့် ဒီအမေရိကန်-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲဟာ အာရှ-ပစိဖိတ်ဒေသကို အမေရိကန်က အလေးထားမှု လျော့မသွားဘူးဆိုတာ ပြသတာပါလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဆီယံဟာ အမေရိကန်ရဲ့ ဦးစားပေးဖြစ်ပြီး ပင်လယ်ရေကြောင်း လွတ်လွတ်လပ်လပ် ဆက်လက်သွားလာနိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ အမေရိကန် ဒု-သမ္မတ Kamala Harris က မနေ့က ပြောကြားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဟာ ဒေသဆိုင်ရာ အမြင်မျှဝေပြီး နိုင်ငံတကာ စည်းမျဉ်းတွေ စံနှုန်းတွေနဲ့ ဆန့်ကျင်တာကို အတူတကွ တားဆီးကာကွယ်မယ်လို့ ပြောပေမယ့် တရုတ်နိုင်ငံအမည်ကိုတော့ ထုတ်ဖော်မပြောကြားပါဘူး။