လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ်ကောင်စီ ကန့်ကွက်

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တာလို့ မတ်လ ၂၂ ရက် ဒီကနေ့ညပိုင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ မနေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ Holocaust ပြတိုက်မှာ ကျင်းပနေတဲ့ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု မှတ်တမ်းပြပွဲမှာ တရားဝင် ကြေညာခဲ့တာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေကြောင်း အန်တိုနီဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ဟာ လူ့အခွင့်အရေးအဖွဲ့တွေဆီက လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ သတင်းအချက်အလက်တွေနဲ့ သတင်းရင်းမြစ်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကိုယ်ပိုင်လေ့လာစုံစမ်းတွေ့ရှိချက်တွေကို အခြေခံပြီး စိစစ်သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

Inn Din.JPG
Ten Rohingya men with their hands bound kneel as members of the Myanmar security forces stand guard in Inn Din village ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို လုံခြုံရေးတပ်သားတွေက ဖမ်းဆီး စစ်ဆေးနေစဉ်။ (Reuters) (HANDOUT/REUTERS)

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ... မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာမရှိဘူးလို့ ငြင်းချက်ထုတ်ထားတာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ သတ်မှတ်ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကလည်း ဒီသတ်မှတ်ချက်ကို ကြိုဆိုကြပြီး အမေရိကန်ဘက်ကနေ မြန်မာစစ်တပ်ဘက်ကို ထပ်တိုးအရေးယူတာတွေလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။