အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဆီယံတို့ကြား ဆွေးနွေးဖို့ မလေးရှားနိုင်ငံရဲ့ တောင်းဆိုချက်ကို မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။
NUG အစိုးရကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားတာကြောင့် ဒီလိုတွေ့ဆုံဖို့ တိုက်တွန်းချက်ကို ကန့်ကွက်တာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ဥက္ကဋ္ဌ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် အာဆီယံအနေနဲ့ NUG နဲ့ အလွတ်သဘောတွေ့နိုင်ဖို့ မလေးရှားဘက်က အဆိုပြုသွားဖို့ရှိကြောင်း ပြောဆိုလာတာပါ။
မြန်မာစစ်ကောင်စီဟာ တစ်နှစ်တာကာလအတွင်း အာဆီယံက ချမှတ်ထားတဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခဲ့တာ မရှိဘူးလို့ မလေးရှားဘက်ကပြောထားပါတယ်။
မြန်မာစစ်ကောင်စီဘက်ကတော့ မလေးရှားရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်မှုအားပေးရာရောက်ပြီး၊ သူတို့ ကြိုးပမ်းဆောင်နေတာတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။
မလေးရှားအနေနဲ့ NUG နဲ့ ထပ်မံတွေ့ဆုံတာတွေ မလုပ်ဖို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီကြေညာချက်ထဲမှာ ပြောထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားဟာ NUG အစိုးရနဲ့ ပထမဆုံး အလွတ်သဘော တွေ့ဆုံတဲ့နိုင်ငံ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း အာဆီယံအနေနဲ့ မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ NUG အစိုးရနဲ့ အမြန်ဆုံး တရားဝင် ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။