ညွှန်ကြားချက် သဲသဲကွဲကွဲ မရရှိလို့ တရားရုံးတွေ အမှု မစစ်ဆေးနိုင်

မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းလဲ ပြီးနောက် တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲမှုတွေ သတ်သတ်မှတ်မှတ် မစီစဉ်နိုင်သေးတဲ့အတွက် ရန်ကုန်တိုင်း အတွင်းက တရားရုံးတွေမှာ အမှုတွေ မစစ်ဆေးနိုင်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

အခုလို အမှုတွေ တောင်ပုံရာပုံ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ဥပဒေအကြံပေး အဖွဲ့တဖွဲ့က ရှေ့နေတဦးက အာအက်ဖ်အေကို ပြောပြပါတယ်။

"တိုင်းဒေသကြီးရုံးဆိုပြီး တိုင်းရုံးကို ဖျက်လိုက်ပြီးတော့ ရန်ကုန်တရားရုံးချုပ်မှာ သူတို့က ဝင်ထိုင်တာပေါ့။ ဟိုတုန်းက အမှု ၅ ရာကနေ အထက်ဆိုရင် တိုင်းတရားရုံးမှာ အကန့်အသတ်မရှိ။ အခု ခရိုင်ကို အမှု ၅ ထောင်အထိ ပေးလိုက်တယ်။ ခရိုင်ကလည်း ဖွဲ့စည်းပုံက နဂိုရှိတဲ့ ခရိုင်ရုံးတွေကို ပြန်ပေါင်း၊ အခုတခါ သူတို့ပေါင်းထားတဲ့ ပုလိပ်ရုံးကြီးက ပြန်သိမ်းမယ်ဖြစ်တော့ ခရိုင်တွေက ထပ်ပြေးရပြန်ရော။ ပြေးတော့ အမှုတွေက ဟိုရောက်ဒီရောက်နဲ့ အမှုတွေ မပေါ်နိုင်သေးဘူး ဖြစ်နေတာပေါ့"

ရဲနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေကလွဲလို့ အမှု အတော်များများကို မစစ်ဆေးနိုင်သလို ရက်ချိန်းတွေလည်း မပေးနိုင်တာကြောင့် မစစ်ဆေးရသေးတဲ့ အမှုတွေ ပုံနေတာလို့ ဆိုပါတယ်။

ဒါတင်မက တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ အနေနဲ့ ဘယ်ရုံးကို သွားရောက်ရင်ဆိုင်ရမယ် ဆိုတာကို သိရဖို့တောင် အတော် ခက်နေတယ်လို့ အဲဒီရှေ့နေက ရှင်းပြပါတယ်။

"ဧရာဝတီတိုင်းကနေ တရားရုံးချုပ်ကို တင်ထားတာ၊ တရားရုံးချုပ်က အခု ပျက်သွားတော့ ဒီအမှုက အမှန်က နေပြည်တော်ကို ရောက်ရမှာ မရောက်ဘဲနဲ့ ဧရာဝတီတိုင်းကို ပြန်သွားတယ်။ ပြီးခဲ့တဲ့တလလောက်က တချိန်းမှာ ပေါ်တယ်၊ အမှုတွဲ ဒီမှာရောက်နေပါပြီ ဆိုပြီး အမှုသည်တွေကို ခေါ်တယ်၊ ဒါပဲ။ ဘယ်နေ့ကို ကြားနာမယ် လျှောက်လဲချက်ပေးမယ်ဆိုတာ အခုထိ မလာဘူး"

တရားစီရင်ရေးလောကမှာ အခက်အခဲတွေ ဖြစ်နေသလို ပြည်ထောင်စုအာဏာပိုင်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အုပ်ချုပ်ရေးအာဏာကို ဘယ်သူတွေက ဘယ်အတိုင်းအတာအထိ စီရင်ပိုင်ခွင့် ရှိမှန်း အခုထိ မသိရှိကြသေးဘူးလို့ မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသွားပါတယ်။