ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး

RFA Burmese
2025.02.06
ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ဆုံ အထက်ပိုင်းကို စစ်ကောင်စီတပ်က အင်အား တစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြောပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်းကို မသုံးဘဲ မြစ်ဆုံအထက်ပိုင်းက KIA သိမ်းပိုက်ထားတဲ့ တီယန်ဇွပ်ရွာ ဘက်ကို တောလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နယ်ရဲ့ အနောက်ဘက် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက KIA သိမ်းပိုက်ထားတဲ့ ချောင်း၀ရွာ အနီးတစ်၀ိုက်က တပ်စခန်းတွေဘက်ကိုလည်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် မိုးကောင်းမြို့နယ်နဲ့ ဖားကန်မြို့နယ် ဥရုချောင်းတစ်ဖက်ကမ်းက စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဟုမ္မလင်းဘက်လည်း တိုက်ပွဲတောက်လျှောက်ဖြစ်နေတာ။ အင်းတော်ကြီးဘက်လည်း စစ်ကြောင်းတော်တော် ထိုးနေတယ်။ KIA တွေ သိမ်းထားတဲ့ ချောင်းဝဘက် ပြန်တက်ချင်တဲ့သဘောဖြစ်တယ်။ ဒီရက်ပိုင်းမှာ ဆားမှော်က SNA စခန်းကို KIA သိမ်းတာလည်းရှိတယ်။ မြစ်ကြီးနား အထက်ဘက်လည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်း တော်တော်ထိုးနေတယ်”

အဲဒီဒေသတွေအပြင် KIA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပဲလို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက မနေ့ညအထိ စကစ ၂၁ နဲ့ အနီးတစ်၀ိုက်မှာ ပြင်းပြင်းထန်ထန် ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ် တွေကလည်း လေးမိုင်မှာရှိတဲ့ထောက်ပို့ တပ်ကထွက်လာပြီး စုပေါင်းရုံတွေမှာ နေရာပြန်ယူနေတာရှိတယ်”

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ KIA ပြောခွင့်ရသူတွေကို RFA က ဆယ်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း သုံးရာခန့်ကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။