ကချင်နဲ့ ရှမ်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်


2015-11-16
Share
mine-shu-refugees-620.jpg ရှမ်းပြည်နယ် မိုင်းရှုးမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် ၅ မိုင် ဝန်းကျင်အကွာ၊ လခြမ်းတောင်အနီးမှာ အစိုးရတပ် ခလရ ၁၅ နဲ့ ကေအိုင်အေတပ်ရင်း ၅ တို့အကြား မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ၊ အစိုးရတပ်က အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ တောင်ကြောတွေဆီ မသွားဖို့ ဒေသခံတောင်သူတွေကို ဒီကနေ့ အသိပေးထားတယ်လို့ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

"သေနတ်သံတွေကြားနေရတယ်၊ အဲ့ဘက်ကို သွားလေ့သွားထရှိတဲ့ တောင်သူတွေအတွက် အန္တရာယ်ရှိမှာစိုးရိမ်လို့ အသိပေးထားပါတယ်၊ ကျနော်တို့ဘက်ကတော့ လိုအပ်တဲ့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီးတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ညပိုင်းတော့ မြို့ပြည်သူလူထုတွေ အေးအေးချမ်းချမ်းနေအောင် လှည့်ကင်းလှည့်ဖို့ တာဝန်ပေးထားပါတယ်"

ဒီကနေ့ မနက်အစောပိုင်းအထိ မိုးညှင်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။

အခုညနေပိုင်း ၅ နာရီအထိ ရရှိတဲ့သတင်းတွေအရ အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာမှာ အစိုးတပ်မတော်သားတွေ ကို ကေအိုင်အေတပ်ဖွဲ့က အင်အားနှစ်ရာကျော်လောက်နဲ့ ဝိုင်းထားတဲ့အတွက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လေတပ်စခန်းက လေယာဉ်ပစ်ကူတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ဒီအတွင်း ရှမ်းပြည်နယ် မိုင်းရှုးမြို့ကို တိမ်းရှောင်လာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့နေရပ်ကို မပြန်နိုင်သေးတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့လာနိုင်ကြောင်း မိုင်းရှုးမြို့နယ်အုပ်ချုပ်ရေးဌာနက ပြောပါ တယ်။

တိုက်ပွဲတွေ မရပ်တန့်နိုင်သေးလို့ နောက်ထပ်ဒုက္ခသည်တွေ ဆက်ရောက်လာကြဦးမယ်ဆိုရင် စားနပ်ရိက္ခာလှူဒါန်းပေးကြဖို့ လိုအပ်လာလိမ့်မယ်လို့ မိုင်းရှုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်က ပြောပါတယ်။

"လောလောဆယ်တော့ လုံလောက်ပါတယ်၊ အစိုးရကလည်း ပေးထားတာရှိပါတယ်၊ အဖွဲ့တွေကလည်း လှူထားတာရှိသေးတယ်လေ၊ အခုနေကတော့ လုံလောက်ပါတယ်၊ ရက်သိပ်မကြာရင် အဆင်ပြေမှာပါ၊ ရက်ကြာသွားရင်တော့ နည်းနည်းတော့ရှာဖို့လိုမှာပေါ့"

အောက်တိုဘာလ ၆ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေ တစ်နေ့တစ်ခြား ပြင်းထန်လာနေရာမှာ၊ နိုဝင်ဘာလဆန်း ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်လာတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အစပ်က ဝမ်ဆော့ရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်၊ အရင်က ဝမ်ဆော့ရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်အများစုဟာ မိုင်းရှုးမြို့ပေါ်ကို ရောက်ရှိလာခဲ့ကြတာပါ။

မိုင်းရှုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့