ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ရှိတယ်လို့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကိုယ်တိုင်သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
NLD အစိုးရ တက်လာပြီးနောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စု အားလုံးပါဝင်တဲ့ မနောပွဲကိုကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို အတည်ပြုပြော ဆိုပါတယ်။
ဒါ့အပြင် တေးဂီတဖျော်ဖြေပွဲ၊ မနောမယ်ပြိုင်ပွဲတွေနဲ့ ကချင်ရိုးရာသိုင်း ကဖရက် Kahprek ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ၊ဘော်လီဘောပြိုင်ပွဲအစရှိတာတွေကို ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဆုံး စတင်ကျင်းပခဲ့ တာဖြစ်ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မား ပေးပို့တာပါ။