ကချင်ပြည်နယ်မြောက်ဖျားက ထလာထုရွာ မီးလောင်ပြာကျလို့ အကူအညီလိုအပ်

ကချင်ပြည်နယ်ထဲက မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ် အစွန်ဆုံး ခါကာဘိုရာဇီ တောင်ခြေက ထလာထုကျေးရွာဟာ တစ်ရွာလုံး မီးလောင်ပြာကျခဲ့လို့ ဒေသခံတွေ အကူအညီ လိုအပ်နေတယ်လို့ ပူတာအိုမြို့နယ် ပရဟိတလူငယ်တွေက ပြောပါတယ်။

မတ်လ ၄ ရက်နေ့က မီးလောင်ခဲ့တာဖြစ်ပြီး အိုးခွက်ပန်းကန်၊ အဝတ်အစားတွေကအစ စပါးကျီ တွေပါ အကုန်ပါသွားတယ်လို့ ပူတာအိုမြို့နယ် ပရဟိတလူငယ်အဖွဲ့က ကိုဆန်လုရမ်ဆိန်း က RFA ကို ပြောပါတယ်။

“အခု မီးလောင်တဲ့နေရာက နောင်မွန်မြို့နယ် ပန်နန်းဒင်ကနေ ခုနစ်ရက်လောက် သွားရတဲ့ နေရာမှာ လူတွေလည်း အရောက်နည်းတယ်။ အစိုးရလည်း လက်လှမ်းမမီတဲ့နေရာ ဟုတ် တယ်။ အခု မီးလောင်တော့ အိုးခွက်၊ ပန်းကန်တွေ၊ စားစရာတွေ ဘာမှမရှိတော့ဘူးလို့ ကြားသိရတယ်။ စပါးကျီတို့လည်း ပါသွားတယ်တဲ့။ လူပဲ လွတ်မြောက်လာကြတယ်ထင်တယ်”

ဖုန်းလိုင်းလည်းမမိ၊ ဆက်သွယ်ရေး ခက်ခဲတဲ့နေရာလည်းဖြစ်ပြီး အဲဒီရွာမှာ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ရွာက မြေနေရာကျဉ်းပြီး ဝါးတွေ၊ သစ်လုံးတွေ၊ သက်ငယ်တွေနဲ့ တစ်အိမ်နဲ့ တစ်အိမ် နှစ်ပေ လောက်သာခြားကာ အိမ်ခေါင်မိုးတွေလည်း ထိစပ်နေတာကြောင့် တစ်ရွာလုံး မီးလောင်သွား တာလို့လည်း ဆိုပါတယ်။

မီးလောင်တဲ့အထဲ ခရစ်ယာန်ဘုရားကျောင်းလည်း ပါသွားပြီး စာသင်ကျောင်းကတော့ သီးသန့်နေရာမှာ ဆောက်ထားလို့ မီးဘေးက လွတ်သွားတယ်လို့ ဆိုပါတယ်။

ထလာထုကျေးရွာဟာ ပူတာအိုကနေ မိုင်တစ်ရာကျော်ဝေးတဲ့ဒေသဖြစ်ပြီး ပူတာအိုကနေ ပန်နန်းဒင်အထိ ကားနဲ့ သွား၊ အဲဒီနောက် ပန်နန်းဒင်ကနေ ဆိုင်ကယ်နဲ့ တစ်ရက်လောက် ထပ်သွားရသလို ဆိုင်ကယ် လမ်းဆုံးပြီး ခြောက်ရက်လောက် လမ်းလျှောက်သွားရတဲ့ ကျေးရွာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိမ်ခြေ ၁၀ လုံးကျော်သာရှိပြီး လူဦးရေ ၇၀ ကျော်ရှိကာ မသန်စွမ်းသူ လေးဦးလည်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။