စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လေးရက်တာ တိုက်ပွဲဖြစ်ပွားနေလို့ ရွာပေါင်း ကိုးရွာက ဒေသခံ တစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကတည်းက အရှေ့စည်း၊ ရှားဖို၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ မင်းလှ၊ အောင်မင်္ဂ လာ၊ အောင်သာယာနဲ့ မှန်တော ရွာတွေမှာ တိုက်ပွဲဖြစ်နေတာလို့ အရှေ့စည်းရွာသား တစ်ဦး က RFA ကို ပြောပါတယ်။
“အခု ဒေသခံပြည်သူတွေက တောထဲတောင်ထဲမှာ မွေးကာစ ကလေးလည်းပါတယ်။ အသက်ကြီးပိုင်း တွေလည်းပါတယ်။ ထွက်ပြေးတဲ့အချိန်မှာ အိမ်ကနေ ဘာမှ မယူခဲ့ရဘူး”
အိမ်ခြေ ၉၀၀ ကျော်ရှိတဲ့ အရှေ့စည်းရွာဟာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မီးရှို့ခံလိုက်ရလို့ အိမ်အလုံးပေါင်း ၈၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရှေ့စည်းရွာက အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်တို့ဟာ မြစ်သာမြစ်အရှေ့ဘက် တောတောင်တွေထဲနဲ့ ကလေးမြို့ဘက်တွေကို တိမ်းရှောင်နေကြရပြီး ကလေးမြို့မှာ မေလ ၁ ရက်ကတည်းက မိုးဆက်တိုက်ရွာနေလို့ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေရတယ်လို့ စစ်ဘေး ဒုက္ခသည်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကို CDF (KKG)၊ PDF (ကလေး)၊ CNDF၊ ရိန်းဂျား ကလေးပြည်သူ့ ကာကွယ်ရေးတပ်၊ RKDF နဲ့ ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်နေကြတာလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မေလ ၃ ရက် မနေ့ကလည်း ရှားဖိုရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး မေလ ၄ ရက် ဒီနေ့လည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလလောက် ကတည်းက အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပွားခဲ့တာမို့ ဒေသခံတွေဟာ တိုက်ပွဲဖြစ်ချိန်မှာ ထွက်ပြေးကြပြီး တိုက်ပွဲငြိမ်ရင် ရွာထဲမှာ ပြန်နေကြတယ်လို့ ပြောပါတယ်။
လက်ရှိ အဲဒီဒေသက လေးရက်တာ တိုက်ပွဲအခြေအနေ အသေးစိတ်ကို RFA က သီးခြားအတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။