ကလေးမြို့နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေ ဝမ်းရောဂါဖြစ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ဒိုးနွယ်၊ ရေရှင်၊ လည်ခြား၊ ရှားတော၊ အရှေ့စည်း၊ ရှားဖို စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေထဲက သက်ကြီးပိုင်းနဲ့ ကလေး ၅၀ ဝန်းကျင်ဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတာကြောင့် အခုလို ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေ ပိုများနေတာလို့ ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒိုးနွယ်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူး။ အခု ဝမ်းလျှောဝမ်းပျက်ဖြစ်နေတယ်။ အခု ဝမ်းလျှောဝမ်းပျက် ဖြစ်တာက အယောက် ၄၀၊ ၅၀ လောက်ရှိတယ်"

တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံး နေရတာကြောင့် အခုလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ပိုများ နေတာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

"လူတစ်ရာမှာ သုံးယောက်လောက်က ဝမ်းလျှောတယ်ဗျ။ အခုက တောထဲမှာ အိမ်သာကမရှိ။ ရှိတဲ့ရေကို သန့်တာ၊ မသန့်တာ မကြည့်တော့ဘူး သောက်နေရတာ။ ရေလည်းရှားတယ်။ ကျန်မာရေးစောင့်ရှောက်မှုလည်း မရှိဘူး။ ဒီတိုင်း တောထဲ သစ်ပင်အောက်မှာ နေရတာ"

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကလေးမြို့ တောင်ပိုင်းက ဒေသခံ လေးသောင်းကျော်လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အခုမေလအတွင်းမှာ ကလေးမြို့ တောင်ပိုင်း အရှေ့စည်းရွာ၊ ရှားဖိုရွာ၊ တင်သားရွာ၊ ဒိုးနွယ်နဲ့ ရေရှင် စတဲ့ ရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။