ကချင်နဲ့ စစ်ကိုင်းတိုင်း နေရာ တချို့မှာ မြေပြိုနိုင်
2017.04.19

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသတချို့တို့မှာ နောက် ၃၆ နာရီအတွင်း မိုးများပြီး ရုတ်တ ရက်ရေကြီးတာတွေ၊ မြေပြိုကျတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင် က သတိပေး လိုက်ပါတယ်။
ဒီကနေ့မနက်ပိုင်း တိုင်းတာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ လေဖိအားနည်း ချိုင့်ဝှမ်း (မိုးတိမ်တိုက်တစ်ခု)ဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အရှေ့ဘက်ဆီကို ဖြတ်သန်းသွားနေတာမို့ မိုးကြီးနိုင် တယ်လို့ ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။
‘’မိုးလေဝသလိုပြောရင်တော့ လေဖိအားနည်းချိုင့်ဝှမ်းပေါ့ ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက တွေ့နေရတယ်၊ မြန်မာပြည်အစပ်ရောက်နေပြီပေါ့နော်၊ ဒီကောင်က အရှေ့ပဲ ရွှေ့မယ်ဆိုတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်တို့ကို သူဖြတ်တော့မယ်ဗျ၊ မိုးရွာမယ့် တိမ်ဆိုတော့ မိုးတိမ်တောင်တွေလည်း ပါနေတော့ မိုးကြီးနိုင်တယ်ပေါ့’’
အဲဒီမိုးတိမ်တိုက်ဟာ မိုးရွာသွန်းနိုင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းကစပြီး နောက် ၁၂ နာရီကနေ ၃၆ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အနှံ့ မိုးရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ဒါ့အပြင် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေလည်း ဖြစ်နိုင်လို့ ဒေသခံတွေ သတိရှိရှိနေထိုင် ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။