ကနီမြို့ကရွာတွေ ဂျက်လေယာဉ်နဲ့ ပစ်ခတ်ခံရလို့ ရွာသားသုံးဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကနီတောင်ဘက်အခြမ်းက ကျေးရွာတွေကို မေလ ၃၁ ရက် ဒီနေ့ မွန်းတည့် ချိန်လောက်က စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရွာသား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်ချောင်၊ ရှမ်းချောင်း၊ ဝါးချောင်း စတဲ့ ကျေးရွာတွေကို ၁ နာရီကျော်ကြာတဲ့အထိ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုလောလောဆယ် ကြားတာက ဗုံးစမှန်ပြီး သုံးဦးသေဆုံးတယ်။ ဂျက်လေယာဉ် တစ်စင်းနဲ့ ခေါက်တုံ့ ခေါက်ပြန်ပစ်နေတာ နေ့လယ်တစ်နာရီလောက်က ရပ်သွားပါတယ်။ အပေါ်ကပစ်ချတာ မီးတဝင်းဝင်းနဲ့ အောက်မှာ တဝုန်းဝုန်းနဲ့ ပေါက်ကွဲပြီးတော့ မီးလောင်တယ်၊ ကျနော်တို့က ရှောင်နေရင်းနဲ့ အဝေးကနေ ကြည့်နေရတာ၊ အတော် ဝမ်းနည်းရပါတယ်"

သေဆုံးခဲ့သူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ မသိရသေးသလို မြေပြင်မှာ မီးလောင်ပျက်စီးမှုတွေ လည်းရှိပေမယ့် အတိအကျ မသိရသေးဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

ကနီနဲ့ ဘုတလင်မြို့ကြားက ကျေးရွာတွေမှာ ဒီနေ့မနက် အစောပိုင်းကတည်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတပ်တို့ မြေပြင်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်အပါအဝင် အဲဒီဒေသတွေဟာ စစ်ကောင်စီကနေ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ ခံထားရတဲ့ဒေသတွေ ဖြစ်ပါတယ်။

ဂျက်လေယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရတဲ့ ရွာတွေက ရွာသားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပေမယ့် သက်ကြီးရွယ်အိုတွေတော့ ရွာထဲမှာကျန်နေခဲ့လို့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာ ဒီနေ့ညနေ ၆နာရီအထိ ပြန်လည်မဖြေကြားခဲ့ပါဘူး။

ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေထဲကို စစ်ကောင်စီ တပ်သား တွေဟာ ရေလမ်းကြောင်းကနေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေလို့ ဒေသခံရွာသား တစ်ထောင်နီးပါးဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင် နေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း ကနီမြို့နယ် အထက် ကင်းရွာမှာ နေအိမ် ၁၃၀ ခန့် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။