ကနီနဲ့ ယင်းမာပင်မြို့နယ်မှာ အိမ် ၁၅၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာ မေလ ၂၅ ရက် မနေ့ကနဲ့ မေလ ၂၆ ရက် ဒီနေ့အထိ နှစ်ရက်အတွင်း ကျေးရွာလေးရွာက နေအိမ် ၁၅၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ချင်းတွင်းမြစ်အနောက်ဘက်မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့တာတွေ ကျူးလွန်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယင်းမာပင်ဘက်မှာ မနေ့ကတည်းက စစ်ကြောင်းထိုးနေတာ။ ယမားတံတားနားက တံတားကင်းတဲတွေ၊ ရဲစခန်းကင်းတဲတွေလည်း စစ်သားတွေက မီးရှို့တယ်။ ဒီမနက်လည်း သူတို့ ညအိပ်တပ်စွဲတဲ့ ဝါးတန်းရွာကနေ အထွက်ကို ရွာကို မီးရှို့တယ်။ ဘာလို့လုပ်နေမှန်းကို မသိဘူး”

မေလ ၂၅ ရက် မနေ့က ကနီမြို့နယ် အထက်ကင်းရွာမှာ ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ နေအိမ် ၁၃၀ ဝန်းကျင်နဲ့ ယင်းမာပင်မြို့နယ် မြရိပ်ရွာနဲ့ ထန်းတောကြီးရွာက နေအိမ် ၂၅ လုံး မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၆ ရက် ဒီနေ့မှာတော့ ယင်းမာပင်မြို့နယ်နဲ့ကပ်လျက် ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာက လမ်းဘေးလူနေစျေးဆိုင် ခုနစ်ဆိုင်ခန့် မီးရှို့ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

ဒီနေ့မနက်က ဝါးတန်းကျေးရွာကနေ ခြေကျင်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တယ်ပင်ကန် ကျေးရွာအနီးအရောက်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ပြီး နေအိမ်တွေမီးရှို့တာတွေမလုပ်ဘဲ ဒါတွေဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းမှာ ဧပြီလ ၁ ရက်နေ့ ကနေ မေလ ၂၄ ရက် နေ့အထိ အချိန်နှစ်လနီးပါးအတွင်း မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။