တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကမ္မမြို့က ဒေသခံနှစ်ထောင်ကျော် မြို့ကိုစွန့်ခွာ
2023.09.22
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ကမ္မမြို့မှာ မြို့တွင်းထဲထိ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် မြို့ခံ နှစ်ထောင်ကျော်ဟာ နေရပ်ကိုစွန့်ခွာသွားပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၂၂ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စစ်တင်ဘာ ၁၉ ရက်က အဲဒီမြို့ထဲမှာရှိတဲ့ ရဲစခန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က) ရုံးတွေကို ပခုက္ကူအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့ ၁၆ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပါ လေကြာင်းကပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး မြို့ထဲမှာ တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာမှာ စိုးရိမ်ပြီး ထွက်ပြေးခဲ့တာလို့ ကမ္မမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်မှာ ဖြစ်တာဆိုတော့ ရဟတ်ယာဉ်က လူနေအိမ်တွေဘက်ကိုပါ ပစ်တာပေါ့၊ မြို့ပေါ်တော့ အထိအခိုက်အပျက် အစီးတွေလည်းရှိတယ်။ လူတစ်ယောက်လည်း ဒဏ်ရာရခဲ့တာရှိတယ်၊ သေဆုံးတာမျိုးတော့ မရှိပါဘူး။ ထပ်ပြီး တိုက်ပွဲတွေဖြစ်လာမှာ ကြောက်လို့ မြို့ကနေ ထွက်ခဲ့တာပါ။ မြို့ပေါ်မှာ ဆက်ပြီးနေတဲ့သူတွေလည်း ရှိပါတယ်”
မြို့ကိုစွန့်ခွာလာသူတွေဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ ပုခုက္ကူ၊ မြစ်ခြေမြို့ပေါ်တွေနဲ့ ဘေးလွတ်မယ်ထင်တဲ့ ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့လည်း ဒီဖြစ်ရပ်ကို သိရှိတဲ့ မြစ်ခြေမြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မြစ်ခြေဘက် ပြေးလာကြတာတွေ ရှိတယ်။ ဒီနားမြို့တွေ ကတော့ သူတို့ဘက်မှာဖြစ်ရင် ဒီဘက်ကို ပြေးလာ။ မြစ်ခြေဘက်က ဖြစ်ရင်လည်း ကမ္မဘက်ပြေးနဲ့ ဒီလိုပဲ နေနေကြရတာပဲလေ။ ကြောက်လို့ပြေးလာကြတာဆိုတော့ အပြင်ကို သိပ်မထွက်ရဲကြဘဲ အိမ်တွင်းမှာပဲ အောင်းနေကြတာ များပါတယ်”
စက်တင်ဘာလ ၁၉ ရက်နေ့ကဖြစ်ခဲ့တဲ့ ကမ္မမြို့တွင်းတိုက်ပွဲမှာတော့ လ၀ကရုံးနဲ့ စစ်ကောင်စီတပ် ဘန်ကာတွေကို PDF တွေက ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲမတိုင်ခင်ကလည်း ကမ္မမြို့ပေါ်မှာ ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်း ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ကမ္မမြို့ဟာ ပခုက္ကူမြို့နဲ့ ၁၉ မိုင်ခန့်ကွာဝေးပြီး အရင်က ပခုက္ကူမြို့နယ် ကမ္မကျေးရွာ အုပ်စုအဖြစ် တည်ရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရပ်ကွက် ၁၂ ခုပါဝင်တဲ့ ကမ္မမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။