ကန်ပက်လက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ကျော် တိမ်းရှောင်နေရ

2021.07.30
ကန်ပက်လက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ကျော် တိမ်းရှောင်နေရ ချင်းပြည်နယ်၊ တောင်ပိုင်း ကန်ပလက်လက်မြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ ဇွန်လအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ်၊ တောင်ပိုင်း ကန်ပလက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ၅၀၀ ကျော် ရှိတယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က ကန်ပက်လက်နဲ့ မင်းတပ်လမ်းမှာရှိတဲ့ ခါနန်းကျေးရွာနဲ့ ရန်စဲကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဲဒီဒေသအနီးတစ်ဝိုက် ကျေးရွာတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အပါအဝင် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။

“ လောလောဆယ်တော့ ကျနော်တို့ တိုက်ပွဲဖြစ်ထားတယ်။ ဖြစ်ထားတဲ့နေရာရဲ့ လမ်းမကြီးပေါ်မှာလည်း ပြည်သူတွေ သွားလာနိုင်တဲ့ အနေအထားမရှိသေးဘူး။ စစ်သားတွေကနေ မိုင်းတွေ ထောင်ထားနိုင်တဲ့ အခြေအနေတွေရှိတယ် "

အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာ ခါနန်း ရန်စဲ၊ မြောင်နဲ့ မှူးချိန်းဒိန်း ကျေးရွာတွေကဖြစ်ပြီး အခုလက်ရှိမှာ မိုးသည်းထန်ပြီး ရာသီဥတု ဆိုးရွားတာကြောင့် အခက်အခဲတွေ ကြုံနေရသလို အစား အသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ CDF ဘက်က အထိအခိုက်အကျဆုံးမရှိခဲ့ဘဲ စစ်ကောင်စီဘက် က ဘယ်လောက် ထိခိုက်ကျဆုံးမှု ရှိတယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးဘူးလို့ CDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။