ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကစပြီး ဒီနေ့ မတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကန်ပက်လက် CDF အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကန်ပက်လက်တိုက်နယ် အမှတ် (၅) စမ္မသား၊ စံအိမ်နူးကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ တောတောင်ထဲမှာ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ တောတောင်ထဲမှာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဒီနေ့ အထိ ဖြစ်နေသေးတယ်။ လက်နက်ကြီးတွေက ရွာထဲမှာ ကျသွားတာကြောင့် သက်ကြီးအိုရွယ်ကအစ တောထဲမှာ ပုန်းရှောင်နေရတယ်။ ပြင်ဆင်ပြီး ထွက်ပြေးနေရတာမဟုတ်လို့ အစားအသောက်တွေ ခက်ခဲနေရပါတယ်”
လက်ရှိမှာ ကူညီမယ့်သူတွေလည်းမရှိဘဲ ထွက်ပြေးစဉ်က ပါလာတဲ့ ရိက္ခာအချို့နဲ့ ဖြစ်သလို စားသောက်နေရတာကြောင့် ရက်တွေ ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုမိုကြုံတွေ့ လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် လာခဲ့ပြီးနောက် မတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီဘက်က အင်အားနှစ်ရာနီးပါးနဲ့ ထိုးစစ် ဆင်တိုက်ခိုက်လာတာကြောင့် CDF ကန်ပက်လက်အဖွဲ့ရဲ့ ဌာနချုပ်စခန်းကနေ ဆုတ်ခွာခဲ့ ရပါတယ်။ ဒါပေမဲ့ ယာယီဆုတ်ခွာလိုက်ရတာဖြစ်တယ်လို့ CDF ကန်ပက်လက်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက သူတို့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတာကြောင့် ပြည်သူတွေ ရဲ့ နေအိမ်တွေ၊ ပြည်သူတွေ အရမ်းထိခိုက်လာလို့ ခဏလောက် နောက်ဆုတ်ရတာဖြစ်ပါတယ်”
ကန်ပက်လက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ချင်းပြည်နယ်မှာ အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေး ရသူပေါင်း တစ်သိန်းနီးပါး ရှိနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။