ကရင်မှာ မိုးသည်းထန်မှုကြောင့် ဒုက္ခသည် ၉၀၀ ခန့် ဘေးလွတ်ရာကို ပြောင်းရွှေ့

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ မိုးသည်းထန်ပြီး သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် လူဦးရေ ၉၀၀ ဝန်းကျင်ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို မေ ၂၂ ရက် မနေ့က နေရာ ပြောင်းရွှေ့လိုက်ရတယ်လို့ စခန်းတာဝန်ခံက RFA ကို ပြောပါတယ်။

အဲဒီစခန်းဟာ မြဝတီတောင်ပိုင်းက မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးက ဆိုက် အမှတ် (၃) စခန်းဖြစ်ပြီး မြစ်ကမ်းပါးပြိုကျတာတွေ ကြုံရပြီးနောက် ရွှေ့ပြောင်းလိုက်ရတာ လို့ စခန်းတာဝန်ခံက ပြောပါတယ်။

"အခုလောလောဆယ်က စားရေးသောက်ရေး သူတို့အဆင်မပြေဘူး။ ဆောက်ထားတဲ့ စစ်ဘေးဒုက္ခသည် အိမ်တွေကလည်း မပြီးသေးဘူးလေ။ အမိုးနဲ့ အခင်းပဲ ရှိသေးတယ်။ အဲဒါကြောင့် သူတို့နေတဲ့နေရာက ထမင်းချက်စားလို့ မရသေးဘူး။ မိုးတအားရွာရင် အောက်မှာရေတွေစိုနေမှာမို့ အခက်အခဲရှိတယ်။ သူတို့ ကမ်းပါးနားက တောင်ယာကနေ ရွှေ့လာရင်း မိုးရွာတော့ ဆန်အိတ်တွေ၊ ဘာတွေ ရေစိုတာရှိတယ်"

မနေ့က ရွှေ့ပြောင်းလိုက်ရတဲ့ စခန်းမှာ ဒုက္ခသည် ၈၈၄ ဦးရှိပြီး အများစုက လေးကေ့ကော်၊ မယ်ဝါးခီး၊ ဖလူးလေး စတဲ့နေရာတွေက ဖြစ်ပါတယ်။

အခုပြောင်းရွှေ့ထားတဲ့ နေရာသစ်မှာ အိမ်အလုံး ၁၀၀ သာရှိတာကြောင့် အိမ်တစ်အိမ်မှာ အိမ်ထောင်စု သုံးစုလောက် စုပြုံနေထိုင်နေကြရတယ်လို့လည်း စခန်းတာဝန်ခံက ပြောပါတယ်။

ဒုက္ခသည် ၄၀၀ ကျော်ရှိတဲ့ ဆိုက်အမှတ် (၅) စခန်းမှာလည်း မိုးရွာသွန်းမှုကြောင့် ရိက္ခာ သယ်ယူရေးအတွက် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လေးကေ့ကော်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် အချိန်ငါးလအတွင်း မြဝတီ တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ခုနစ်သောင်းကျော်အထိ ရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲက ဒုက္ခသည်တွေ နေရပ်ပြန်တာတွေရှိခဲ့ပေမယ့် ဒုက္ခသည် တစ်သောင်းကျော် ကတော့ စစ်ဘေးဒုက္ခသည်စခန်း ငါးခုမှာ ဆက်လက်ခိုလှုံနေရဆဲ ဖြစ်ပါတယ်။